ထားဝယ် မေ ၄
နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များစက်မှုလက်မှုပညာသင်တန်းကျောင်း(ထားဝယ်)၏ လျှပ်စစ် နှင့် ဂဟေသင်တန်းအမှတ်စဉ်(၁၃/၂၀၂၆)သင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီက တနင်္သာရီတိုင်း ဒေသကြီး ထားဝယ်မြို့ စက်မှုလက်မှုပညာသင်တန်းကျောင်း ခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဇောနိုင်ဦးက ယခုသင်တန်းကို တက်ရောက် ကြမည့် သင်တန်းသားများအနေဖြင့် နိုင်ငံတော်၏အချိန်နှင့်ငွေတန်ဖိုးများစွာ အကုန်အကျခံကာ ဆောင်ရွက်ပေးသည့် ရည်ရွယ်ချက်နှင့် စေတနာကို နားလည်တုံ့ပြန်သောအားဖြင့် သင်တန်းကာလ ပြီးဆုံးသည်အထိ တက်ရောက်သင်ယူကြရန်၊ သင်တန်းကျောင်းမှ ချမှတ်ထားသော စည်းကမ်းများကို လိုက်နာပြီး သင်ကြားပေးသည့် စာတွေ့၊ လက်တွေ့ ပညာရပ်များကို ကျွမ်းကျင်တတ်မြောက်အောင် ကြိုးစားသင်ယူကြရန်လိုအပ်ကြောင်း၊ သင်တန်းနည်းပြဆရာများ၏ တွန်သင်ဆုံးမမှုကို လေးစားစွာ လိုက်နာကြရန်၊ သင်တန်းနည်းပြများကလည်း သင်တန်းသားများအား မိမိတို့၏ သွေးရင်းသားချင်း ညီအကိုများသဖွယ် စေတနာ/ မေတ္တာအပြည့်ထားပြီး ဆုံးမသွန်သင်ပေးရန်၊ စက်မှုလက်မှုအတတ် ပညာ များကို စနစ်တကျကျွမ်းကျင်တတ်မြောက်သည်အထိ မခြွင်းမချန် လေ့ကျင့်သင်ကြားပေးရန်၊ လိုအပ် သည်များကို နွေးထွေးစွာကူညီစောင့်ရှောက်ပေးရန်လိုအပ်ကြောင်း ပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီးဝန်ကြီးများက သင်တန်းခန်းမ အတွင်း ခင်းကျင်းပြသထားသည့် သင်ထောက်ကူပစ္စည်းများကို ကြည့်ရှုအားပေးပြီး သင်တန်းသားများ၏ အိပ် ဆောင်များကို ကြည့်ရှုစစ်ဆေးကာ သင်တန်းသားများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်သည်။
သင်တန်းတွင် တာဝန်ရှိသူများက သင်တန်းသား ၂၀ လျှပ်စစ်နှင့် ဂဟေဘာသာရပ်များကို လေ့ကျင့်သင်ကြားပေးမည်ဖြစ်ပြီး လျှပ်စစ်သင်တန်းတွင် အိမ်တွင်းလျှပ်စစ် သွယ်တန်းခြင်းနှင့် Air-con ပြုပြင်ခြင်းပညာရပ်များ၊ ဂဟေသင်တန်းတွင် လျှပ်စစ်ဂဟေ၊ ဓာတ်ငွေ့ဂဟေ ပညာရပ်များကို အခြေခံပညာရပ်များသာမက တတ်ကျွမ်းသည်အထိ ရက်သတ္တ ၂၂ ပတ်ကြာ စာတွေ့၊ လက်တွေ့ လေ့ကျင့် သင်ကြားမည်ဖြစ်ကြောင်း သိရသည်။