
“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးညီနပ်သည် အဖွဲ့ဝင်များနှင့် အတူ ယမန်နေ့က ဟိုပန်မြို့နယ် မန်မိုင်ရပ်ကွက်နှင့် ရွှေဝါကျေးရွာတို့ ဆက်သွယ်ထားသည့် လမ်းပိုင်း အရှည် (၂/၀)မိုင်ရှိသည့်အနက် (၁/၀)မိုင်အား ကျောက်ချောလမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေ သည့် အခြေအနေကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။ ကွင်းဆင်းစစ်ဆေးရာတွင် တိုင်းစီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးညီနပ်၊ အတွင်းရေးမှူး ဦးထွန်းထွန်းဝင်းနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များက ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ပြည်ထောင်စုရန်ပုံငွေကျပ် ၁၅၆ ဒသမ ၇၉၅ သန်းဖြင့် ဆောင်ရွက်လျက်ရှိသည့် ဟိုပန်မြို့နယ် မန်မိုင်နှင့် နမ့်လျှံရပ်ကွက်များမှ ရွှေဝါကျေးရွာသို့ ဆက်သွယ်ဖောက်လုပ်နေသည့် လမ်းအရှည်တစ်မိုင် ကျောက်ချောလမ်းခင်းခြင်း လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုရာ ခရိုင်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးခင်မောင်ဦးနှင့် တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေ များကို ရှင်းလင်းတင်ပြကြရာ ဥက္ကဋ္ဌက လမ်းအရည်အသွေး ပြည့်မီစေရေး စနစ်တကျ ဆောင်ရွက် သွားကြရန်နှင့် လိုအပ်သည်များကို မှာကြားခဲ့သည်။
ဆက်လက်၍ ဥက္ကဋ္ဌနှင့်အဖွဲ့သည် အဆိုပါ လမ်းပိုင်းနှစ်မိုင်မှ ကျောက်ချောလမ်းခင်းရန် ကျန်ရှိသည့် လမ်းပိုင်းတစ်မိုင်အား ကြည့်ရှုစစ်ဆေးရာ လမ်းဧရိယာအတိုင်း၊ အဖြောင့်အတိုင်း ဖောက်လုပ်ရန်နှင့် လမ်းအနိမ့်အမြင်ညီညာစေရန် မြေသားညှိခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး အတွက် သက်ဆိုင်ရာ ဌာနများက ရော်ဘာခြံပိုင်ရှင်များနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်သွားကြရန် မှာကြားခဲ့ကြောင်း သိရသည်။



