နေပြည်တော် ဇူလိုင် ၁၀
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေး ဦးစီးဌာနနှင့် Bridge Asia Japan (BAJ)တို့ ပူးပေါင်း၍ ဆောက်လုပ်ရေးသင်တန်း အမှတ်စဉ်(၁၀)၊ လျှပ်စစ်သင်တန်း အမှတ်စဉ်(၁၀)၊ မော်တော်ယာဉ်/စက်ပြင်သင်တန်း အမှတ်စဉ် (၉) နှင့် ဂဟေသင်တန်းအမှတ်စဉ်(၈) သင်တန်းများဖွင့်ပွဲ အခမ်းအနားအား ၈-၇-၂၀၁၉ ရက်နေ့တွင် နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များစက်မှုလက်မှုပညာသင်တန်းကျောင်း (ဘားအံ)သင်တန်းခန်းမ၌ ကျင်းပသည်။
ဖွင့်ပွဲတွင် ကရင်ပြည်နယ် ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်က အမှာစကား ပြောကြားပြီး နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသောင်းထိုက်က သင်တန်းဆိုင်ရာအချက်အလက်များကို ရှင်းလင်းတင်ပြကာ Bridge Asia Japan (BAJ) ဘားအံက အစီအစဉ်မန်နေဂျာ Mr. Hiroshi SUDO က သင်တန်းဆိုင်ရာ အချက်အလက်များ ကိုရှင်းလင်းတင်ပြသည်။
အဆိုပါသင်တန်းကျောင်းကို ၂၀၁၃ ခုနှစ် ဒီဇင်ဘာလတွင် စတင်ဖွင့်လှစ်ခဲ့ပြီး ပုံမှန်ပညာရေးကို သင်ကြားခွင့်မရခဲ့သည့် ဒေသခံလူငယ်များကို အသက်မွေးဝမ်းကျောင်း ပညာရပ်များ သင်ကြားပေးပြီး ဆက်စပ်သည့်အလုပ်အကိုင်များ ရရှိလုပ်ကိုင်နိုင်စေရန်နှင့် သင်ကြားပေးသည့် ပညာရပ်ကို အသုံးပြု၍ ဒေသခံလူငယ်များ အလုပ်အကိုင်အခွင့်အလမ်းများ တိုးတက်ပြီး ဒေသတွင်း စီးပွားရေးနှင့် နည်းပညာတိုးတက်ရေးကို ရည်ရွယ်ကြောင်း၊ ယနေ့ထိသင်တန်းသားစုစုပေါင်း (၇၇၂) ဦးကို မွေးထုတ်ပေးနိုင်ခဲ့ပြီး အလုပ်အကိုင်ရရှိမှု ၈၂ ရာခိုင်နှုန်းခန့် ဆောင်ရွက်နိုင်ကြောင်း သိရသည်။
ယခုဖွင့်လှစ်သည့် သင်တန်းများတွင် ဆောက်လုပ်ရေး (၂၀)ဦး၊ လျှပ်စစ်(၂၀)ဦး၊ ဂဟေ(၂၀)ဦးနှင့် မော်တော်ယာဉ်/စက်ပြင်(၃၀) ဦးတက်ရောက်လျက်ရှိပြီး သင်တန်းကာလမှာ ရက်သတ္တ(၂၂) ပတ် ကြာမြင့်မည်ဖြစ်ကာ ကျွမ်းကျင်မှုရရှိစေရန်အတွက် စာတွေ့၊ လက်တွေ့သင်ကြားပေးလျက်ရှိပြီး နေထိုင်စားသောက်စားရိတ်နှင့် သင်ထောက်ကူအခမဲ့သင်တန်း ဖြစ်ကြောင်းသတင်းရရှိသည်။