နယ်စပ်ရေးရာ၀န်ကြီးဌာန၊ ဒုတိယ၀န်ကြီးဗိုလ်ချုပ်သန်းထွဋ်သည် ကရင်ပြည်နယ်နှင့် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေး

နေပြည်တော် ၂၀၁၇ ခုနှစ်၊ မတ်လ ၃၁ ရက်              
    နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယ၀န်ကြီးဗိုလ်ချုပ်သန်းထွဋ်သည် (၃၀-၃-၂၀၁၇)ရက် နေ့တွင် ကရင်ပြည်နယ်နှင့် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ၂၀၁၆-၂၀၁၇ဘဏ္ဍာရေးနှစ် နယ်စပ် ဒေသဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် ပြီးစီးမှုလုပ်ငန်းများနှင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
    ရှေးဦးစွာ ဒုတိယ၀န်ကြီးနှင့်အဖွဲ့သည် ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ သစ်ခေါင်းကျေးရွာ၊ အခြေခံပညာမူလတန်းကျောင်းသို့ သွားရောက်၍ ကျောင်းသား/ ကျောင်းသူများအတွက် ကျောင်း၀တ်စုံနှင့် စာရေးကိရိယာများအား ထောက်ပံ့ပေးအပ်ခဲ့ပြီး ဥပဓိရုပ်ကောင်းမွန်သော ကျောင်းဆောင်ဖြစ်အောင် သက်ဆိုင်ရာ၀န်ကြီးဌာနများနှင့် ညှိနှိုင်း ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ထို့နောက်တွင် လိပ်သိုမြို့နယ်၊ လိပ်သို-ရှမ်းလယ်ပြင် မြေသားလမ်း (၅/၀)မိုင်နှင့် ကျေးကတော့-ရှမ်းလယ်ပြင် မြေသားလမ်း (၇/၀)မိုင် ဖောက်လုပ်ပြီးစီးမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး ဒုတိယ၀န်ကြီးမှ ကျေးလက်နေဒေသခံပြည်သူ များအား မေးမြန်းခဲ့ရာ ဒေသခံတစ်ဦးက မိမိတို့ကျေးရွာပြည်သူများအနေဖြင့် အဆိုပါလမ်းအား ဖောက်လုပ်ပေးခြင်းအတွက် အနီးပတ်၀န်းကျင်တွင် နေထိုင်လျက်ရှိသည့် ကျေးရွာပေါင်း (၄၈)ရွာမှာ လမ်းပန်းဆက်သွယ်ရေးအဆင်ပြေချောမွေ့စွာ သွားလာနိုင်မည်ဖြစ်ပြီး များစွာ အကျိုးဖြစ်ထွန်းကာ ၀မ်းမြောက်လျက်ရှိပါကြောင်း၊ နိုင်ငံတော်အစိုးရနှင့် ဆောင်ရွက်ပေးလျက် ရှိသော နယ်စပ်ရေးရာ၀န်ကြီးဌာနအား ကျေးဇူးတင်လျက်ရှိပါကြောင်း ကျေးရွာပြည်သူများ ကိုယ်စားပြောကြားပြီး ဒုတိယ၀န်ကြီးကလည်း မိမိတို့၀န်ကြီးဌာနအနေဖြင့် ၄င်းလမ်းအား သွားလာရေးပိုမိုလွယ်ကူစေရန် ဘဏ္ဍာနှစ်အလိုက်ခွဲပြီး လမ်းအားအဆင့်မြှင့်တင်ပေးမည် ဖြစ်ကြောင်း၊ ကျေးရွာပြည်သူများဘက်မှလည်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက် ရေးကို ဝိုင်းဝန်းဆောင်ရွက်ပေးစေလိုကြောင်း၊ လမ်းပျက်စီးမှုမဖြစ်ပေါ်စေရေး ဝိုင်းဝန်း ထိန်းသိမ်းပေးရန် ပြောကြားခဲ့ပါသည်။
    ဆက်လက်၍ သံတောင်ကြီးမြို့နယ်၊ ကျေးကတော့အောက်ကျေးရွာ၊ အခြေခံပညာ အထက်တန်းကျာင်းသို့သွားရောက်ကာ ကျောင်းသား/သူများအတွက် ကျောင်း၀တ်စုံနှင့် စာရေး ကိရိယာများအား ထောက်ပံ့ပေးခဲ့ပြီးနောက် ၂၀၁၆-၂၀၁၇ဘဏ္ဍာရေးနှစ် ငြိမ်းချမ်းရေး တည်ဆောက်မှုရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် ဇရပ်ကြီး-သပြေညွှန့်လမ်း (၃/၁)မိုင် ကျောက်ခင်းခြင်းလုပ်ငန်းအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။