
ရန်ကုန်၊ မေလ ၂ ရက်
နယ်စပ်ရေးရာဝန်ကြီးဌာန ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန ဗဟိုလေ့ကျင့်ရေးကျောင်းတွင် ဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်းများဖြစ်သော စီမံခန့်ခွဲရေး သင်တန်းအမှတ်စဉ်(၇၆)၊ အဆင့်မြင့်စက်ချုပ်နည်းပြသင်တန်း အမှတ်စဉ်(၄၀)၊ စာရေးဝန်ထမ်း သင်တန်းအမှတ်စဉ်(၁၁၀) သင်တန်းများဖွင့်ပွဲအခမ်းအနားကို ၂-၅-၂ဝ၂၂ ရက်နေ့ နံနက် ဝ၈:၃ဝ နာရီအချိန်တွင် သင်တန်းကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ နယ်စပ်ရေးရာဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးသိန်းဌေးဦး တက်ရောက်၍ သင်တန်းဖွင့်မိန့်ခွန်း ပြောကြားခဲ့ပြီး သင်တန်းများဖွင့်ပွဲ အခမ်းအနားကို ဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် သင်တန်းသား၊ သင်တန်းသူ စုစုပေါင်းအင်အား ၁၅၀ ဦး တို့ တက်ရောက်ခဲ့ပါသည်။
နယ်စပ်ရေးရာဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ အဆင့်ဆင့်သော ဝန်ထမ်းများအား အရည်အသွေးထက်မြက်ပြီး အတွေးအခေါ် မှန်ကန်မြင့်မားလာစေရန် ၊ မိမိရာထူးအဆင့်နှင့်အညီ လုပ်ငန်းတာဝန်များကို ကျွမ်းကျင်ပိုင်နိုင်စွာ ဆောင်ရွက်နိုင်ရုံသာမက ဆင်ခြင်တုံတရားပြည့်ဝသော ဝန်ထမ်းကောင်းများဖြစ်လာစေရန်၊ သင်ကြားတတ်မြောက်ထားသော အတတ်ပညာများကို လက်တွေ့နယ်ပယ်တွင် အကျိုးရှိစွာ အသုံးချနိုင်စေရန်၊ ဝန်ကြီးဌာနမှ အားကိုးရသော ဝန်ထမ်းကောင်းများ ဖြစ်လာစေရန် ရည်ရွယ်ပြီး အဆိုပါသင်တန်းများကို ၂-၅-၂၀၂၂ ရက်နေ့မှ ၂၂-၇-၂၀၂၂ ရက်နေ့ထိ ရက်သတ္တ ၁၂ ပတ် ကြာ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။