နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်ခွန်သန့်ဇော်ထူး ပူတာအိုခရိုင်အတွင်း နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများစစ်ဆေး

နေပြည်တော် ဒီဇင်ဘာလ    ၃    ရက်

          နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး  ဗိုလ်ချုပ်ခွန်သန့်ဇော်ထူးသည် ကချင်ပြည်နယ် အစိုးရအဖွဲ့၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်ကြည်လင်းနှင့် တာဝန်ရှိသူများ လိုက်ပါလျက် နိုဝင်ဘာလ ၂၉ ရက်နေ့က နယ်စပ်ရေးရာဝန်ကြီးဌာနမှ ဆောင်ရွက်လျက်ရှိသည့် မဂွေဇ-ခေါင်လန်ဖူး ၆၅ မိုင် ၄ ဖာလုံ  လမ်းဖောက်လုပ်ခြင်း လုပ်ငန်းခွင်သို့ သွားရောက်စစ်ဆေးခဲ့ပါ သည်။

          ရှေးဦးစွာ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဆန်းလွတ်ချက် တောင်ထိပ်Levelနှိမ့်ခြင်း ဆောင်ရွက် နေမှုကို စစ်ဆေးပြီး ဆန်းလွတ်ချက်နှင့် ရီဒမ်းကြိုးတံတားကြား လမ်းကြောင်းအခြေအနေများကို အသေးစိတ်စစ်ဆေးကာ လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ပါသည်။

          ဆက်လက်၍ ရီဒမ်းကြိုးတံတားသို့ရောက်ရှိရာ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတား အထူးအဖွဲ့က ရီဒမ်းတံတား ဆောက်လုပ်နေမှုအခြေအနေနှင့် ရှေ့ဆက်ဆောင်ရွက်သွားမည့် အစီအမံများအား ရှင်းလင်းတင်ပြခဲ့မှုအပေါ် ဒုတိယဝန်ကြီးက လုပ်ငန်းများအောင်မြင်ချောမွေ့စွာ ဆောင်ရွက်နိုင်ရေးအတွက် ပေါင်းစပ်ညှိနှိုင်းပေးခဲ့ပြီး လမ်းကြောင်းတစ်လျှောက် ဘဏ္ဍာရေးနှစ် အလိုက် ဆောင်ရွက်ပြီးစီးခဲ့မှုလုပ်ငန်းများနှင့် ဆက်လက်လုပ်ဆောင်ရမည့်လုပ်ငန်းများကို စစ်ဆေး ကာ လိုအပ်သည်များညှိနှိုင်းပေါင်းစပ်ပေးခဲ့သည်။

          ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် နိုဝင်ဘာလ ၃၀ ရက်နေ့တွင် ခေါင်လန်ဖူးမြို့ခန်းမ၌ မြို့မိ မြို့ဖများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် တွေ့ဆုံ၍ တင်ပြချက်များအပေါ် ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကာ လမ်းစီမံကိန်းတွင် ပါဝင်ဆောင်ရွက်နေသည့် နယ်စပ်ရေးရာဝန်ကြီးဌာနမှ ဝန်ထမ်းများ၊ စစ်အင်ဂျင်နီယာတပ်ဖွဲ့ဝင်များနှင့် ဒေသခံဌာနေလုပ်သားများကို ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့ပြီး နယ်စပ်ရေးရာဝန်ကြီးဌာနမှ ဆောင်ရွက်နေသည့် ခေါင်လန်ဖူးမြို့တွင်းလမ်း၊ မြို့ရေပေး ရေး၊ မြို့နယ်ပြည်သူ့ဆေးရုံနှင့် မြို့မဈေးဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

          နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဒီဇင်ဘာလ ၁ ရက်နေ့တွင် ပန်နန်းဒင် သို့ရောက်ရှိခဲ့ပြီး ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံပြည်သူများအား တွေ့ဆုံအားပေးစကားများ ပြောကြားခဲ့ပြီး ပန်နန်းဒင်-ငါ့ဝါ-ဂဝိုင်-ဒုံဇုံ-တဆူထု-ထလာထု-ခရောင်း-တဟွမ်ဒမ်းလမ်း ၆၃ မိုင် အနက် ၁၅ မိုင် အမာခံလမ်း ဖောက်လုပ်နေမှုကို ကြည့်ရှုစစ်ဆေးခဲ့ပြီး လုပ်ငန်းများစံချိန်စံညွန်းမီမီ ဖြင့် အချိန်မီပြီးစီးအောင်ဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။