နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဖုန်းမြတ် ကချင်ပြည်နယ်အတွင်းရှိ မဂွေဇ-ခေါင်လန်ဖူးလမ်း ဖောက်လုပ်ရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

နေပြည်တော်၊ ဩဂုတ်လ  ၁၈ ရက်
    နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဖုန်းမြတ် သည် ကချင်ပြည်နယ်အစိုးရ အဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်လင်းအောင်၊  ဝန်ကြီးဌာနနှင့် ဒေသမှ တာဝန်ရှိသူများ လိုက်ပါလျက် (၁၄-၈-၂၀၂၀) ရက်နေ့မှ (၁၇-၈-၂၀၂၀) ရက်နေ့အထိ ကချင်ပြည်နယ်၊ ပူတာအို ခရိုင်အတွင်းရှိ ဝန်ကြီးဌာနမှ တာဝန်ယူဆောင်ရွက်လျက်ရှိသော မဂွေဇ-ခေါင်လန်ဖူး ကားလမ်း (၆၅/၄)မိုင်၏ မေခမြစ်(ရီဒမ်း) အရှေ့ဖက်ခြမ်း လမ်းဆက်လက်ဖောက်လုပ်နေမှု အခြေ အနေများ၊ နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း၊ အမျိုးသမီး အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းနှင့် ခရိုင်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးတို့အား ကွင်းဆင်း ကြည့်ရှု စစ်ဆေးခဲ့သည်။
    ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် (၁၄-၈-၂၀၂၀)ရက်နေ့တွင် ပူတာအိုမှတဆင့် မဂွေဇ-ခေါင်လန်ဖူး (၆၅/၄)မိုင် လမ်းဖောက်လုပ်ရေးလုပ်ငန်းခွင်သို့ ရောက်ရှိခဲ့ပြီး ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် နှင့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်များတွင် ဆောင်ရွက်ပြီးစီးခဲ့သည့် မြေလမ်း၊ ကျောက်လမ်း၊ တံတားများ၊ Box Culvert များ၏ ကောင်းမွန်မှု အခြေအနေများ၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေများဖြင့် ဆောင်ရွက်လျက်ရှိသည့် တံတား (၄)စင်း တည်ဆောက်ပြီးစီးမှု အခြေအနေများနှင့် မေခမြစ်ကူး မူလကြိုးတံတားအဟောင်းကို (၃/၄)တန်ယာဉ်ငယ်များ ယာယီဖြတ်သန်း အသုံးပြု နိုင်ရေးအတွက် တံတားကြံ့ခိုင်မှု၊ ပြုပြင်ထိန်းသိမ်းထားမှု အခြေအနေများကို ကြည့်ရှု စစ်ဆေးခဲ့ပြီး လိုအပ်သည်များ မှာကြားဖြည့်ဆည်း ပံ့ပိုးပေးခဲ့သည်။
    ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် (၁၅-၈-၂၀၂၀)ရက်နေ့တွင် မဂွေဇ-ခေါင်လန်ဖူး ကားလမ်း (၆၅/၄)မိုင်အနက် ဖောက်လုပ်ပြီးစီးခဲ့သည့် မေခမြစ်(ရီဒမ်း) အရှေ့ဖက်ခြမ်း မိုင်တိုင်(၄၇/၇)မိုင် လုပ်ငန်းခွင်သို့ ရောက်ရှိခဲ့ပြီး ကျောက်တောင်များ မိုင်းခွဲရန် ပြင်ဆင်နေမှု၊ ယန္တရားများဖြင့် လမ်း ဆက်လက်ဖောက်လုပ်နေမှု အခြေအနေများကို ခြေလျင်ခရီးဖြင့် သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ပြီး လမ်းလုပ်ငန်း ဆောင်ရွက် နေကြသည့် ဝန်ကြီးဌာနမှ ဝန်ထမ်းများ၊ စစ်မြေပြင်အင်ဂျင်နီယာ တပ်ရင်းမှ စစ်သည်များ၊ ဒေသခံ ဌာနေလုပ်သားများအား လမ်းဖောက် လုပ်ခြင်းလုပ်ငန်းနှင့် စပ်လျဉ်း၍ သတ်မှတ်ကာလအတွင်း လုပ်ငန်းများ အချိန်မီပြီးစီးရေးအတွက် ဝီရိယစိုက်ထုတ် ကြိုးပမ်းဆောင်ရွက်သွားကြရန်၊ ယခုလိုကြမ်းတမ်းသည့် မိုးရာသီကာလ၌ ခက်ခဲသည့် မြေပြင် အနေအထားတွင် လုပ်ငန်းဆောင်ရွက်နေကြသူများကို ဂုဏ်ပြုမှတ်တမ်းတင်ပါကြောင်း မှာကြား ခဲ့ပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး လမ်းစခန်း၌ ညအိပ် ရပ်နားခဲ့သည်။
    ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် (၁၆-၈-၂၀၂၀) ရက်နေ့တွင် ဇီဝဒမ်းလမ်းလုပ်ငန်း ရှင်းလင်း ဆောင်သို့ရောက်ရှိရာ လမ်းလုပ်ငန်းပြီးစီးမှုနှင့် ရှေ့ဆက်လက်လမ်းဖောက်လုပ်သွားမည့် အစီအမံ များအား အင်ဂျင်နီယာမှူးကြီး ဦးခင်မောင်လတ်နှင့် လမ်းအပိုင်းလိုက် တာဝန်ယူ ဆောင်ရွက် နေကြသည့် တာဝန်ခံအင်ဂျင်နီယာများ၊ စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်းမှ တာဝန်ခံ အရာရှိများက အသေးစိတ် ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက လုပ်ငန်းများ အောင်မြင်ချောမွေ့စွာ ဆောင်ရွက် နိုင်ရေးအတွက် လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ပေးခဲ့ပြီး လမ်းစီမံကိန်းတွင် ပါဝင်ဆောင်ရွက် နေသည့် နယ်စပ်ရေးရာဝန်ကြီးဌာနမှ ဝန်ထမ်းများ၊ စစ်အင်ဂျင်နီယာတပ်ဖွဲ့ဝင်များနှင့် ဒေသခံဌာနေ လုပ်သားများကို ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့ပြီး ပူတာအိုသို့ မော်တော်ယာဉ်ဖြင့် ပြန်လည် ထွက်ခွာခဲ့သည်။
    မဂွေဇ - ခေါင်လန်ဖူးကားလမ်း (၆၅/၄) မိုင်အား နိုင်ငံတော်အစိုးရ၏ ညွှန်ကြားချက်၊ တပ်မတော်၏ ထောက်ပံ့ ပူးပေါင်းဆောင်ရွက်မှု၊ ဒေသခံပြည်သူများနှင့် လက်တွဲ၍ နယ်စပ်ရေးရာ ဝန်ကြီးဌာနက အဖွဲ့(၂)ဖွဲ့ခွဲ၍ ဟန်ချက်ညီညီ အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှုကြောင့် ပွင့်လင်းရာသီတွင် ပူတာအို - မဂွေဇ - ရီဒမ်း (မေခမြစ်ကူးကြိုးတံတား) အထိ မော်တော်ယာဉ် များဖြင့် လည်းကောင်း၊ ရီဒမ်း မှ ခေါင်လန်ဖူးအထိ ဆိုင်ကယ်များဖြင့်လည်းကောင်း နေ့ချင်းပေါက် သွားလာနိုင်ပြီဖြစ်ပြီး မကြာမီကာလအတွင်း ခေါင်လန်ဖူးမြို့အထိ ကားလမ်း ပေါက်အောင် နယ်စပ်ရေးရာဝန်ကြီးဌာနမှ ဆက်လက် ဖောက်လုပ်လျက်ရှိသည်။
    ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ခရီးစဉ်အတွင်း ပူတာအိုမြို့နယ်ရှိ နယ်စပ်ဒေသ တိုင်းရင်းသား လူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်း၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်း နှင့် ခရိုင်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးများသို့ ရောက်ရှိခဲ့ပြီး ကျောင်းအုပ်များ၊ နည်းပြများ၊ ဝန်ထမ်းများ၊ ကျောင်းသား/ကျောင်းသူများနှင့် သင်တန်းသူများအား တွေ့ဆုံ၍ ထူးချွန် ကျောင်းသား/ကျောင်းသူ များအား ဆုချီးမြှင့်ပြီး ထောက်ပံ့ငွေများ ပေးအပ်ကာ သင်တန်းကျောင်းဝန်းအတွင်းရှိ ကျောင်းသား အိပ်ဆောင်များ၊ စားရိပ်သာများကို လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများ၏ တင်ပြချက် များအပေါ် ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။