နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ် ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာ သင်တန်းနှင့် အိမ်တွင်းမှုသင်တန်းများ ဖွင့်ပွဲအခမ်းအနားတက်ရောက်

နေပြည်တော် ဒီဇင်ဘာ ၂၈
    နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန လက်အောက်ရှိ အမျိုးသမီး အိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း(ပုသိမ်)၌ ယမန်နေ့ တွင် ဟိုတယ်ဝန်ဆောင်မှု ဆိုင်ရာသင်တန်းနှင့် အိမ်တွင်းမှုသင်တန်းများဖွင့်ပွဲ အခမ်းအနားသို့ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်၊ ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးရည်မွန်၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ ဒုတိယညွှန်ကြား ရေးမှူးချုပ် ဦးတင်မောင်မြင့်၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ချောင်းသာဟိုတယ်ဇုံလုပ်ငန်းရှင်များ အသင်းမှ တာဝန်ရှိသူများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသူများ တက်ရောက်ကြသည်။
    ရှေးဦးစွာ ဒုတိယဝန်ကြီးမှ အဖွင့်အမှာစကားပြောကြားရာတွင် နယ်စပ်ရေးရာဝန်ကြီး ဌာနအနေဖြင့် နယ်စပ်ဒေသတိုင်းရင်းသားလူမျိုးများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းရရှိရေးတို့ကို အကောင် အထည်ဖော်ဆောင်ရွက်ရာတွင် မူဝါဒ(၄)ရပ် ချမှတ်ပြီး ဆောင်ရွက်လျက်ရှိပါကြောင်း၊ အသက်မွေး ဝမ်းကြောင်းပညာရပ်များကိုသင်ယူကြမယ့် သင်တန်းသူ အမျိုးသမီးများအနေနဲ့ သင်တန်းသူ ညီမ တွေအချင်းချင်းကြား စည်းလုံးညီညွှတ်မှု ကူညီရိုင်းပင်းမှုများ ထားရှိကြစေလိုကြောင်း၊ သင်တန်းမှ သတ်မှတ်ထားသည့် စည်းကမ်းများကိုလည်း လိုက်နာကြရမှာဖြစ်ကြောင်း၊ သင်ကြားပေးသော သင်ခန်းစာများကို ကြိုးကြိုးစားစား သင်ယူကြရန်နှင့် သင်တန်းကရရှိတဲ့ သက်မွေးဝမ်းကြောင်း ပညာရပ်များနှင့် ဗဟုသုတများကို လက်တွေ့နယ်ပယ်တွင် အသုံးချရင်း အနာဂါတ်ဘဝ သာယာလှပစေဖို့အတွက် ကြိုးစားသင်ယူကြစေလိုကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့်လည်း သင်တန်းသူ အစဉ်မပြတ်ရရှိစေရေး၊ သင်တန်းရေရှည်တည်တံ့ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဒေသအာဏာပိုင်အဖွဲ့အစည်းများ၊ လူမှုရေးအသင်းအဖွဲ့များနှင့်အတူ ဝိုင်းဝန်းကူညီပေးသွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။
    ဆက်လက်၍ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးရည်မွန်မှ မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိနိုင်စေရန် နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်ပေးရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီးနောက် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးတင်မောင်မြင့်မှ သင်တန်းဖွင့်လှစ်မှုအစီအစဉ်နှင့် သင်တန်းအတွက် ထောက်ပံ့ပေးနိုင်မှု အခြေအနေများ ရှင်းလင်းပြောကြားခဲ့သည်။
    
     ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် သင်တန်းသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံ နှုတ်ဆက် ခဲ့ပြီး ကျောင်းဝန်းအတွင်းရှိစားရိပ်သာ၊ စားဖိုဆောင်၊ အိပ်ဆောင်များနှင့် သင်တန်းပို့ချနေမှုများ အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနတို့ ပူးပေါင်းဖွင့်လှစ် ပေးခဲ့သည့် ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာသင်တန်းများကို အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်း (ပခုက္ကူ) မှ သင်တန်းသူ (၇၅) ဦး၊ အမျိုးသမီးအိမ်တွင်းမှုသက်မွေး လုပ်ငန်းပညာသင်တန်းကျောင်း (ပုသိမ်) မှ သင်တန်းသူ (၇၅) ဦး၊ စုစုပေါင်း (၁၅၀) ဦးတို့အား ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာ ကျွမ်းကျင်ပညာရှင်များမှ စာတွေ့ (၃) လနှင့် လက်တွေ့ (၃)လ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

 

Post Paragraph