နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ် ရှမ်းပြည်နယ်(တောင်ပိုင်း) နောင်တရားဒေသအတွင်းရှိ အစားထိုးဖွံ့ဖြိုးမှုရှေ့ပြေးစီမံကိန်းအကောင်အထည်ဖော်ရေးလုပ်ငန်း ဆောင်ရွက်နေမှုများနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကွင်းဆင်းဆောင်ရွက်

နေပြည်တော် ဇန်နဝါရီ ၂၁    
    အစားထိုးဖွံ့ဖြိုးမှုအကောင်အထည်ဖော်ရေးအဖွဲ့ ဥက္ကဌ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်သည် ရှမ်းပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီးနိုင်ဝင်းအောင်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဦးစီးအဖွဲ့ ဥက္ကဌ ဦးခွန်စံလွင်နှင့် တာဝန်ရှိသူများလိုက်ပါလျက် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပင်လောင်းမြို့နယ်၊ နောင်တရားဒေသ အတွင်းရှိ ပေါ့အင်၊ မွှေးပြင်၊ ပင်ခင်နှင့် လွယ်မော့ကျေးရွာအုပ်စုများမှ ဒေသခံပြည်သူများ၊ အစားထိုးဖွံ့ဖြိုးမှု အကောင်အထည်ဖော်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပါသည်။
    ရှေးဦးစွာဒုတိယဝန်ကြီးနှင့်အဖွဲ့သည် (၁၈-၁-၂၀၁၇)ရက်နေ့တွင် နောင်တရားမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဒေသခံတိုင်းရင်းသားများ၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့မှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် တွေ့ဆုံခဲ့ပြီး ဒုတိယဝန်ကြီးမှ အစားထိုးဖွံ့ဖြိုးမှု အကောင်အထည်ဖော်ရေးစီမံခန့်ခွဲမှုအဖွဲ့၏ ညှိနှိုင်းအစည်း အဝေးပွဲများကို နေပြည်တော်တွင် ကျင်းပပြုလုပ်ခဲ့ပြီး Pilot Project  စီမံကိန်းတစ်ရပ် ပေါ်ထွန်းစေအတွက် စီမံခန့်ခွဲမှုအဖွဲ့ဝင်များနှင့် သက်ဆိုင်ရာဌာနအသီးသီးမှ ကိုယ်စားလှယ်များ အပြန်အလှန်ပေါင်းစပ် ညှိနှိုင်းဆွေးနွေးပြီး ပင်လောင်းမြို့နယ်၊ နောင်တရားဒေသအတွင်းရှိ ပေါ့အင်၊ မွှေးပြင်၊ ပင်ခင်နှင့် လွယ်မော့ကျေးရွာအုပ်စုတို့အား ရှေ့ပြေးစီမံကိန်း၏ ဧရိယာအဖြစ် ရွေးချယ်ခဲ့ခြင်းဖြစ်ပါကြောင်း၊ ဌာန အသီးသီးမှ ကိုယ်စားလှယ်များ၏ နယ်မြေကွင်းဆင်းစိစစ်ချက် များအပေါ်အခြေခံပြီး ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်မှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အထိ (၃)နှစ် စီမံကိန်း တစ်ရပ်အားရေးဆွဲဆောင်ရွက်ခဲ့ ပါကြောင်း၊ ရှေ့ပြေးစီမံကိန်းလုပ်ငန်းများ အောင်မြင်စွာအကောင် အထည်ဖော်ဆောင်ရွက်နိုင်ရန် အတွက်ဌာနဆိုင်ရာများပါဝင်သော ဆန်းစစ်ခြင်းအဖွဲ့နှင့် စဉ်ဆက်မပြတ် စိစစ်ခြင်းအဖွဲ့များလည်း ဖွဲ့စည်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ဒေသခံပြည်သူ များအနေဖြင့် မိမိတို့ဒေသအတွက် အမှန်တကယ်လိုအပ်တဲ့လုပ်ငန်းများ၊ အခက်အခဲများကို ရင်းနှီးပွင့်လင်းစွာ တင်ပြစေလိုကြောင်း၊ ရှေ့ပြေးစီမံကိန်းလုပ်ငန်းများ ထိရောက်အောင်မြင်နိုင် စေရေးအတွက် ဒေသခံတိုင်းရင်းသား ပြည်သူများ၏ ပူးပေါင်းဆောင်ရွက်မှုဟာအင်မတန်မှ အရေးကြီးကြောင်းနှင့် တက်ညီလက်ညီ ပူးပေါင်းပါဝင်ဆောင်ရွက် သွားကြစေလိုကြောင်း ပြောကြားခဲ့ပါသည်။
    ဆက်လက်၍ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ရှေ့ပြေးစီမံကိန်းလုပ်ငန်းဆောင်ရွက် ပြီးစီးမှု များနှင့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် သီးခြားဘတ်ဂျက်ဖြင့် ဆောင်ရွက်မည့် လုပ်ငန်းများကို သက်ဆိုင်ရာဌာနများအလိုက် ဆွေးနွေးတင်ပြပြီးဒေသခံတိုင်းရင်းသားများ၏ တင်ပြချက်များ အပေါ် ဒုတိယဝန်ကြီးမှ ညှိနှိုင်းပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
    ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ပင်လောင်းမြို့နယ်၊ နောင်တရားဒေသ ပေါ့အင် ကျေးရွာနှင့် တီခွဲကျေးရွာ လျှပ်စစ်ဓါတ်အားလိုင်း သွယ်တန်းနေမှုအခြေအနေနှင့် ဘုရားဖြူ-ဆောင်းနိုင်-ခနွဲ (၉/ဝ)မိုင် မြေသားလမ်းဖောက်လုပ်နေမှု အခြေအနေအား ကြည့်ရှုစစ်ဆေးခဲ့ ပါသည်။
    ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် (၁၉-၁-၂၀၁၇)ရက်နေ့တွင် ပင်လောင်းမြို့နယ်၊ ခနွဲ-ငှက်ပျော်ပင်-ကောင်ဝိုင်း-လွယ်တောင်း(၇/ဝ)မိုင် မြေလမ်းဖောက်လုပ်ခြင်းလုပ်ငန်းအား ကြည့်ရှု စစ်ဆေးခဲ့ပြီး ခနွဲဘုန်းတော်ကြီးကျောင်းတွင်  ဒေသခံတိုင်းရင်းသားများ၊ လွှတ်တော်ကိုယ်စား လှယ်များ၊ ဒေသဦးစီးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့ပါသည်။ ဆက်လက် ၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် လွယ်တောင်း-ကပ္ပတိန်-ညောင်ချဉ်(တောင်)၊ ညောင်ချဉ်(အရှေ့) (၄/၄)မိုင် မြေသားလမ်းဖောက်နေမှုနှင့် တောင်ခမောက်လမ်းခွဲ-ကင်မွန်းချုံ-မီးခြစ်ကျောက် (၃/ဝ)မိုင် ကတ္တရာလမ်းခင်းခြင်းတို့အား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။

 

Post Paragraph