နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဗိုလ်ချုပ်သန်းထွဋ်သည် ကယားပြည်နယ်နှင့် ရှမ်းပြည်နယ် (တောင်ပိုင်း) အတွင်းရှိ ရက် (၁၀၀) စီမံကိန်းအရ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေး

နေပြည်တော်၊ ဇွန်လ ၂၄ ရက်
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်သည် ရက် (၁၀၀) စီမံကိန်းအရ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများနှင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအား ကြည့်ရှုစစ်ဆေးရာတွင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဇော်မျိုးသင်းနှင့် တာဝန်ရှိသူများ လိုက်ပါလျက် ကယားပြည်နယ်အတွင်းရှိ လုပ်ဆောင်မည့် လွိုင်ကော်၊ ဒီမော့ဆို၊ ဖရူဆို၊ ဘောလခဲမြို့နယ်များသို့ သောက်သုံးရေကန်များ တူးဖော်ပေးခြင်း၊ လမ်းတံတားများ ဖောက်လုပ်ပေးခြင်းနှင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်မည့်နေရာများအား သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ပါသည်။
ထို့နောက် ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် ဒီမော့ဆိုမြို့နယ် အတွင်းရှိ လမ်း (၄) လမ်း ဖောက်လုပ် မည့် နေရာများဖြစ်သည့် ခူးပရာ-ဒေါရောခူ မြေသားလမ်းဖောက်လုပ်ခြင်း၊ ခူးပရာ-ဘာဒို-ဆီဆောင် မြေလမ်းဖောက်လုပ်ခြင်း၊ ခူးပရာ-ဘီသူအထက်-ဘီသူအောက် ကျောက်လမ်း ခင်းခြင်းနှင့် ခူးပရာ-ကန်ကလုပ်-စနိုက် (ခေါင်းကိုင်) မြေသားလမ်း ဖောက်လုပ်ခြင်း လုပ်ငန်းများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို မှာကြားခဲ့ပါသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် ဖရူဆိုမြို့နယ် အတွင်းရှိ နန်ဖဲ-တော်ခူ-ကေကော် ကျောက်လမ်း၊ ကတ္တရာလမ်း၊ ကွန်ကရစ်လမ်းဖောက်လုပ် ထားရှိမှုနှင့် အဆိုပါလမ်းပေါ်ရှိ အလှမ်းဝေးသည့် သွားလာရေးလွယ်ကူစေရန် ရွာအဝင်လမ်း (၁) မိုင် မြေလမ်းနှင့် ကျောက်လမ်း (၁) မိုင် ခင်းမည့် နေရာအား ကြည့်ရှုစစ်ဆေးခဲ့ပါသည်။ အဆိုပါလမ်းပြီးစီးပါက အနီးပတ်ဝန်းကျင်ကျေးရွာ (၅၀) ရွာရှိ ပြည်သူလူထုများ လျင်မြန်စွာသွားလာလွယ်ကူ မည်ဖြစ်ကြောင်း သိရှိရပါသည်။
ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် ရှမ်းပြည်နယ် (တောင်ပိုင်း) ဆီဆိုင်မြို့နယ် ပင်ဆုံကျေးရွာ၌ သောက်သုံးရေကန် (၂) ကန်နှင့် နောင်မွန်ကျေးရွာအုပ်စု၌ သောက်သုံးရေကန် (၂) ကန် တူးဖော်ခြင်းအား ကြည့်ရှုစစ်ဆေးခဲ့ပြီး ဒေသခံပြည်သူများအား နိုင်ငံတော်အစိုးရ အနေဖြင့် ပြည်သူများ၏ အခြေခံလိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက် ပေးရန်အတွက် ရက် (၁၀၀) စီမံကိန်းအား အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိပါကြောင်း၊  မိမိတို့ နယ်စပ်ရေးရာ ဝန်ကြီးဌာန အနေဖြင့် ရက် (၁၀၀) စီမံကိန်းတွင် ပါဝင်သော လုပ်ဆောင်ပြီးစီးခဲ့သည့် ကယားပြည်နယ်နှင့် ပအိုဝ့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ အတွင်းရှိ ရေကန်များအား စစ်ဆေးခဲ့ပြီး ဒေသခံပြည်သူတို့၏ လိုလားချက်များကို အကောင်အထည်ဖော်၏ ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိပါသည်။

Post Paragraph