နယ်စပ်ရေးရာဝန်ကြီးဌာန၊ လူငယ်သင်တန်းကျောင်းများတွင် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အားကစားပြိုင်ပွဲများကျင်းပ

ဇန်နဝါရီလ ၄ ရက်နေ့
     နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ တိုင်းဒေသကြီး၊ပြည်နယ်နှင့် ခရိုင်ဦးစီးမှုးရုံးများကွပ်ကဲမှုအောက်ရှိ လူငယ်သင်တန်းကျောင်း ၃၆ကျောင်းတို့တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများကို ကျောင်းသား၊ကျောင်းသူ များအား အုပ်စုဖွဲ့ကာ အုပ်စုပြိုင်ပွဲအဖြစ် ဘောလုံးပြိုင်ပွဲ(ကျား)၊ ခြင်းလုံးပြိုင်ပွဲ(ကျား)၊ ထုပ်ဆီးတိုးပြိုင်ပွဲ(မ)၊ လွန်ဆွဲပြိုင်ပွဲ(ကျား၊မ) များအားလည်းကောင်း၊ တစ်ဦးချင်းပြိုင်ပွဲအဖြစ် မီတာ ၅၀ အပြေးပြိုင်ပွဲ (ကျား၊မ)၊ မီတာ ၁၀၀ အပြေးပြိုင်ပွဲ(ကျား၊မ)၊ အာလူးကောက်အပြေးပြိုင်ပွဲ(ကျား၊မ)၊ မုန့်စားအပြေး ပြိုင်ပွဲ(ကျား၊မ)၊ ဂုန်နီအိတ်စွပ်အပြေးပြိုင်ပွဲ (ကျား၊မ)၊ သုံးချောင်းထောက်အပြေး ပြိုင်ပွဲ(ကျား၊မ)၊ အမြင့်ခုန်(ကျား၊မ)၊ အလျားခုန်(ကျား၊မ) ဇကောရွက်ပြေး ပြိုင်ပွဲ(မ)၊ အပ်ချည်ထိုး ပြေးပြိုင်ပွဲ(မ)၊ ခေါင်းအုံးရိုက်ပြိုင်ပွဲ(ကျား၊မ)၊ သံပုန်းရိုက်ပြိုင်ပွဲ(ကျား၊မ) များအားလည်းကောင်း ကျင်းပပြုလုပ်ပေးခဲ့ရာ ကျောင်းသား၊ ကျောင်းသူ ၃၉၃၉ ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြပါသည်။
     အားကစားပြိုင်ပွဲများကျင်းပပေးခြင်းဖြင့် ကျောင်းသား၊ကျောင်းသူများ စုပေါင်းဆောင်ရွက်တတ်သည့် စိတ်ဓာတ်၊ ကောင်းသောယှဉ်ပြိုင်လိုသည့် စိတ်ဓာတ်များ မွေးမြူပေးရေး၊ တိုင်းရင်းသား အချင်းချင်းပိုမိုစည်းလုံးချစ်ခင်လျက် ပြည်ထောင်စု စိတ်ဓာတ်ခိုင်မြဲသည့် လူငယ်များဖြစ်လာစေရေး၊ ကျောင်းနေပျော်ပြီး ပညာရည်မြင့်မား၍ စွမ်းရည်ပြည့်ဝသော မျိုးဆက်သစ်လူငယ်များ ဖြစ်လာစေရေး နှင့်ထူးချွန်သည့်လူငယ် အားကစားသမားများ ပေါ်ထွန်းလာစေရေးတို့အတွက် အထောက်အကူပြုနိုင်ရေးရည်ရွယ် ကျင်းပပေးခဲ့ကြောင်းသတင်းရရှိပါသည်။