နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အိတ်ဖွင့်တင်ဒါဖွင့်ပွဲကျင်းပ

နေပြည်တော်၊ ဇန်နဝါရီလ ၇ ရက်
   နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ၂၀၂၁ခုနှစ်၊ အောက်တိုဘာလမှ ၂၀၂၂ခုနှစ်၊ မတ်လအထိ ၆ လအတွင်း ငွေလုံးငွေရင်းအသုံးစရိတ်နှင့် ငြိမ်းချမ်းရေးတည်ဆောက်မှုလုပ်ငန်းများ ခွင့်ပြုရန်ပုံငွေတို့ဖြင့် နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် မြန်မာနိုင်ငံသား လုပ်ငန်းရှင်များထံမှ မြန်မာငွေကျပ်ဖြင့် အိတ်ဖွင့်တင်ဒါ ဖွင့်ပွဲအခမ်းအနားအား ယနေ့ နေ့လည်ပိုင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
    ရှေးဦးစွာ တင်ဒါဗဟိုကော်မတီ ဥက္ကဌ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ခွန်သန့်ဇော်ထူး က အဖွင့်အမှာစကားပြောကြားခဲ့ပြီး တင်ဒါဗဟိုကော်မတီ အဖွဲ့ဝင် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးစိုင်းထွန်းညို မှ တင်ဒါ ‌ခေါ်ယူရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့သည်။ 
    ထို့နောက် တက်ရောက်လာကြသော မြန်မာနိုင်ငံသား လုပ်ငန်းရှင်များမှ lot အလိုက် တင်ဒါ တင်သွင်းယှဉ်ပြိုင်ခဲ့ကြပြီး ဝန်ကြီးဌာနမှ တာဝန်ရှိသူများ က ပွင့်လင်းမြင်သာစွာ ဖွင့်ဖောက်ပေးခဲ့ကြ ကြောင်း သတင်းရရှိသည်။