နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင် ကချင်ပြည်နယ် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများစစ်ဆေး

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင် သည် ဩဂုတ်လ ၂၇ ရက်နေ့ နှင့် ၂၈ ရက်နေ့များတွင်  မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် ၊ တိုင်းမှူး ဗိုလ်ချုပ်တေဇကျော်၊ ကချင်ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေး နှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးနေလင်းထွန်း နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ လိုက်ပါလျက် ကချင်ပြည်နယ်၊ ပူတာအိုခရိုင်အတွင်း နယ်စပ်ရေးရာ ဝန်ကြီးဌာန၊ နယ်စပ်ဒေသဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော မဂွေဇ-ခေါင်လန်ဖူး ကားလမ်း (၆၅/၄)မိုင် ဖေါက်လုပ်ရေး လုပ်ငန်းခွင်သို့ ရောက်ရှိခဲ့ကာ ဆောင်ရွက်ပြီးစီးနေပြီဖြစ်သော မြေလမ်း (၃၈/၀)မိုင်၊ ကျောက်လမ်း (၂၄/၀)မိုင် ၊ တံတား (၁၉)စင်း နှင့် ရေပြွန်/ရေမြောင်းများ အခြေအနေကို  အသေးစိတ်လိုက်လံ ကြည့်ရှု စစ်ဆေး၍ မိုးရာသီ ကာလအတွင်း ရေတိုက်စားမှုများကြောင့် ပြန်လည်ပြင်ဆင်ရန် လိုအပ်သောလုပ်ငန်းများအား  ဆောလျင်စွာ ဆောင်ရွက်နိုင်ရန် ညှိနှိုင်းပေါင်းစပ်ပေးခဲ့သည်။
ထိုနောက် ဇီဝဒမ်စခန်း လမ်းလုပ်ငန်း ရှင်းလင်းဆောင်တွင် လုပ်ငန်းဆောင်ရွက်မှု အခြေအနေများအား လုပ်ငန်းတာဝန်ခံ အင်ဂျင်နီယာမှူးကြီးမှ ရှင်းလင်းတင်ပြချက် အပေါ် ပြည်ထောင်စုဝန်ကြီးမှ  ယခုကဲ့သို့ မိုးရာသီကာလတွင် အနားမယူဘဲ မိုးမရွာသည့် အချိန်များတွင် လုပ်ငန်းများ ကြိုးပမ်းဆောင်ရွက်ပေးနေကြသော လုပ်ငန်းခွင်ဝန်ထမ်းများကို အသိအမှတ်ပြု ပါကြောင်း၊ ယခုဆောင်ရွက်နေသော လမ်းသည် ဒေသဖွံ့ဖြိုးရေးအတွက် သာမက နိုင်ငံတော် လုံခြုံရေး၊ ဖွံ့ဖြိုးရေးအတွက်လည်း အရေးပါသော လုပ်ငန်းတစ်ရပ်ဖြစ်ပါကြောင်း၊ လက်ရှိ လုပ်ငန်း ဆောင်ရွက်နေသောအပိုင်းသည် ကျောက်တောင်များ ထူထပ်သောနေရာ၊ ခက်ခဲသောအပိုင်း ဖြစ်သော်လည်း ဝန်ထမ်းများအနေဖြင့် အလေးထားကြိုးပမ်းဆောင်ရွက်သည်ကို တွေ့ရှိရသဖြင့် အားရကျေနပ်မိပါကြောင်း၊ မိမိတို့၏ ကြိုးပမ်းမှုကြောင့် မည်သူမှ မမျှော်မှန်းထားသည့် ဆန်းလွတ်ချက်တောင်ထိပ် နှင့် အခက်အခဲဆုံးအပိုင်းဖြစ်သော တောင်ဆင်း (၄/၀)မိုင်ခန့်ကို ကားလမ်း ဖေါက်လုပ်နိုင်ခဲ့ပြီဖြစ်ရာ ခေါင်လန်ဖူးဒေသသို့လည်း မကြာမီ ကားလမ်းပေါက်အောင် မလျော့သော ဇွဲလုံလဖြင့် ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း မှာကြား၍ တင်ပြချက်များအပေါ် ညှိနှိုင်းပေါင်းစပ် ဖြည့်ဆည်းပေးခဲ့ပြီး လမ်းလုပ်ငန်းဝန်ထမ်းများအား ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့သည်။
ထိုနောက် ပြည်ထောင်စုဝန်ကြီး နှင့် အဖွဲ့သည် လက်ရှိ မိုးရာသီကာလတွင် လုပ်ငန်း ဆောင်ရွက်နေသော ဆန်းလွတ်ချက်တောင်ကျော်လမ်း ဖောက်လုပ်နေသော လုပ်ငန်းခွင်သို့ ရောက်ရှိခဲ့ပြီး လမ်းဖေါက်လုပ်နေမှု အခြေအနေများကို ကြည့်ရှု၍ လုပ်ငန်း ဆောင်ရွက်နေသည့် တာဝန်ခံ အင်ဂျင်နီယာ၏ ရှင်းလင်းတင်ပြချက်အပေါ် လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ပေးခဲ့ပြီး လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းရေး၊ လုပ်ငန်းများကို သတ်မှတ်ကာလ အတွင်း စံချိန်စံညွှန်းနှင့်အညီ ပြီးစီးစေရေးအတွက် ကြိုးပမ်းဆောင်ရွက်ကြရေးတို့ မှာကြားခဲ့သည်။
    ထိုနောက် ပြည်ထောင်စုဝန်ကြီး နှင့် အဖွဲ့သည် လက်ရှိရောက်နေသည့် လုံးတုံဘိုတဲ နေရာမှ နုဝမ်ကောင်ဘိုတဲသို့ ဆက်လက်ဖေါက်လုပ်မည့် လမ်းအူကြောင်း အခြေအနေနှင့် တံတား/ရေပြွန် ဆောင်ရွက်ရမည့် နေရာများကို ခြေလျင် လိုက်လံကြည့်ရှု စစ်ဆေးခဲ့ပြီး လုပ်ငန်းများ အရှိန် အဟုန်မြှင့် ဆောင်ရွက်နိုင်ရေးအတွက် လမ်းဖေါက်လုပ်ရေးအဖွဲ့(၂)ဖွဲ့ခွဲပြီး ဆောင်ရွက်နိုင်ရန် လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ပေးခဲ့သည်။
    အလားတူ လမ်းဖေါက်လုပ်ရေးလုပ်ငန်းများ ဆောလျင်စွာ ပြီးစီးရေးအတွက် ခေါင်လန်ဖူးသို့ တပ်မတော် ရဟတ်ယာဉ်ဖြင့် ပို့ဆောင်ပေးခဲ့သော စက်ယန္တရား(၂)စီးဖြင့် ခေါင်လန်းဖူးမြို့မှ စတင် လမ်းဖေါက်လုပ်ခြင်း၊ ကျောက်မိုင်းခွဲခြင်း လုပ်ငန်းများကိုလည်း တပြိုင်တည်းဆောင်ရွက် လျက်ရှိရာ ယခုအခါ တစ်ကြောင်းထိုးမြေလမ်း ဖေါက်လုပ်လျက်ရှိကြောင်း သိရပါသည်။
    ပြည်ထောင်စုဝန်ကြီးသည် ဩဂုတ်လ ၂၉ ရက်နေ့တွင် နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်း (ပူတာအို) သို့ရောက်ရှိခဲ့ပြီး သင်တန်းသား/သင်တန်းသူ များနှင့် တွေ့ဆုံအမှာစကားပြောကြားရာတွင် ပညာသင်ကြားရန်အတွက် အခက်အခဲရှိကြသော တိုင်းရင်းသား လူငယ်များအား နေထိုင်စားသောက်မှုစရိတ်၊ ပညာသင်ယူစရိတ် အစရှိသည်တို့ကို  နိုင်ငံတော်မှ အလုံးစုံတာဝန်ယူ၍ လေ့ကျင့်သင်ကြား ပေးလျက်ရှိရာ သင်တန်းသား/သင်တန်းသူများ အနေဖြင့် နိုင်ငံတော်၏ စေတနာကို အလေးထားပြီး အပတ်တကုတ် ကြိုးစားသင်ယူ လေ့ကျင့်သွားရန် လိုအပ်ကြောင်း၊ ဤသင်တန်းကျောင်းမှ အတန်းပညာ သာမက လူ့ဘဝတွင် အရေးပါသော စည်းကမ်းတကျ နေထိုင်တတ်ရေး၊ အချိန်ကို တန်ဖိုးရှိအောင် ခွဲဝေအသုံးချတတ်ရေး၊ လူမှုပေါင်းသင်း ဆက်ဆံရေး၊ ကျန်းမာသန်စွမ်း ဖျတ်လတ်သော လူငယ်လူရွယ်များဖြစ်စေရေး တို့ကိုလည်း လေ့ကျင့်ပေးလျက်ရှိရာ ခံယူတတ်ပါက ဘဝတစ်လျှောက်လုံး တိုးတက်အောင်မြင် ရေးအတွက်  အသုံးဝင်ပါသဖြင့် ကြိုးပမ်းလေ့လာ သင်ယူသွားကြရန်နှင့် တက္ကသိုလ်ဝင် စာမေးပွဲ  အောင်ချက်မြင့်မားရေးအတွက် စာသင်နှစ်အစမှ စတင်ကြိုးပမ်းလေ့လာသွားကြရန် ရှင်းလင်း မှာကြားခဲ့ပြီး သင်တန်းသား/သင်တန်းသူများ၏ အိပ်ဆောင်များ၊ စာကြည့်တိုက်၊ နေထိုင် စားသောက်မှု အခြေအနေများနှင့် ကျောင်းဝန်းအတွင်း ယခုဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေဖြင့် တည်ဆောက်ပြီးစီးခဲ့သော (၃)ထပ် ကျောင်းသားအိပ်ဆောင် တည်ဆောက်ပြီးစီးမှု အခြေအနေ များကို လိုက်လံကြည့်ရှု၍ လိုအပ်သည်များ ဖြည့်ဆည်းပေးခဲ့သည်။
ထိုနောက် ပြည်ထောင်စုဝန်ကြီးသည် အမျိုးသမီး အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်း (ပူတာအို) သို့ ရောက်ရှိခဲ့ပြီး သင်တန်းသူများတွေ့ဆုံ၍ နိုင်ငံတော်အနေဖြင့် တိုင်းရင်းသားတိုင်းရင်းသူများ၏ လူမှုဘဝ လုံခြုံစိတ်ချမှုရရှိအောင် အကုန်အကျခံ သင်ကြား လေ့ကျင့် ပေးခြင်းဖြစ်ပါသဖြင့် ပညာရပ်များကို စနစ်တကျလေ့လာဆည်းပူးကြပြီး လက်တွေ့ဘဝ တွင် အကျိုးရှိရှိအသုံးချနိုင်ရန်လိုအပ်ကြောင်း ရှင်းလင်းမှာကြား၍ သင်တန်းသူများနှင့် ဝန်ထမ်းများ အား ထောက်ပံ့ကြေးပေးအပ်ခဲ့ပြီး  ကျောင်းဝန်းအတွင်း လိုက်လံကြည့်ရှု စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

 

Post Paragraph