နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ချင်းပြည်နယ်အတွင်းရှိ ဖလမ်းမြို့နယ်၊ ထန်တလန်မြို့နယ် နှင့် ဟားခါးမြို့နယ်များရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ဆက်လက် ကြည့်ရှုစစ်ဆေး

နေပြည်တော်၊ ဒီဇင်ဘာလ  ၂၃ ရက်  
    နယ်စပ်ဒေသဖွံ့ဖြိုရေးလုပ်ငန်းများစစ်ဆေးရန်အတွက် ချင်းပြည်နယ်၊ ရိခေါဒါရ်မြို့နယ်သို့ ရောက်ရှိနေသော နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်သည် ချင်းပြည်နယ် ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်၊ ချင်းပြည်နယ်အစိုးရအဖွဲ့ဝင် လုံခြုံရေး နှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဟန်ဝင်းအောင်နှင့် တာဝန်ရှိသူများ လိုက်ပါလျှက် ဒီဇင်ဘာလ (၂၁)ရက်နေ့ မှ (၂၃) ရက်နေ့ အထိ ချင်းပြည်နယ်အတွင်းရှိ ဖလမ်းမြို့နယ်၊ ထန်တလန်မြို့နယ်နှင့် ဟားခါးမြို့နယ်များသို့ သွားရောက်၍ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအား ဆက်လက်ကြည့်ရှုစစ်ဆေး ခဲ့သည်။
    ပြည်ထောင်စုဝန်ကြီးသည် ချင်းပြည်နယ်ဝန်ကြီးချုပ်နှင့်အတူ ဖလမ်းမြို့နယ်အတွင်း ၂၀၁၆ - ၂၀၁၇ ဘဏ္ဍာရေးနှစ်မှ စတင်အကောင်အထည်ဖော်ဆောင်ရွက်လျှက်ရှိသော အိုင်ကွန် - အိုင်ရ်ဘွာလ်- ကြောင်ဟွေ့- ကော့ဆဲ မြေလမ်း(၃၉/၀)မိုင် လုပ်ငန်းခွင်သို့ ရောက်ရှိခဲ့ပြီး လမ်းတာဝန်ခံ အင်ဂျင်နီယာမှ ရှင်းလင်းတင်ပြမှုအပေါ်ပြည်ထောင်စုဝန်ကြီးမှ လမ်းအရည်အသွေး ကောင်းမွန်စေရေး၊   သတ်မှတ်စံ ချိန်စံညွှန်းနှင့်အညီ စေတနာထား ကြိုးပမ်းအကောင်အထည်ဖော်ဆောင်ရွက်သွားရန် လမ်းညွှန်မှာ ကြား၍    လမ်းကြောင်းတစ်လျှောက်    မော်တော်ယာဉ်ဖြင့်   လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
    ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ချင်းပြည်နယ်ဝန်ကြီးချုပ်နှင့်အတူ ဖလမ်းမြို့သို့ ရောက်ရှိခဲ့ပြီး ဒေသခံမြို့မိမြို့ဖများနှင့်တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးအတွက် လိုအပ်ချက်များ တင်ပြမှုအပေါ် ပြည်ထောင်စုဝန်ကြီးမှ လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ဖြည့်ဆည်းပေးခဲ့သည်။
    ဒီဇင်ဘာလ(၂၂)ရက်နေ့တွင်ပြည်ထောင်စုဝန်ကြီးသည်ချင်းပြည်နယ်ဝန်ကြီးချုပ်နှင့်အတူတာဝန်ရှိသူများလိုက်ပါလျှက် ထန်တလန်မြို့နယ် သီကီရ်(ခ)ကျေးရွာ သို့ ရောက်ရှိခဲ့ရာ ပြည်ထောင်စုဝန်ကြီး နှင့်အဖွဲ့အား ဒေသခံတိုင်းရင်းသား၊ တိုင်းရင်းသူများမှ ကြိုဆိုခဲ့ကြပြီး နယ်စပ်ရေးရာဝန်ကြီးဌာန ရန်ပုံငွေဖြင့် ဆောင်ရွက်နေသော သီကီရ်-သဘာဝဥယျာဉ်သွားလမ်း မြေလမ်း(၁၃/၄)မိုင်အနက် ဆောင်ရွက်ပြီးစီးခဲ့သော မြေလမ်း(၆/၄)မိုင်ကို    စစ်ဆေးခဲ့ရာ လုပ်ငန်းတာဝန်ခံ၏   ရှင်းလင်းတင်ပြမှု
အပေါ် ပြည်ထောင်စုဝန်ကြီးမှ လိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့ပါသည်။
    ထို့နောက် သီကီရ်ကျေးရွာတွင် ဆောင်ရွက်နေသော တည်ဆောက်ရေးလုပ်ငန်းများကို လှည့် လည်ကြည့်ရှု့စစ်ဆေးခဲ့၍သီကီရ်ကျေးရွာတိုးချဲ့တည်ဆောက်ရေးအတွက်လမ်း၊ ရေ ၊တန်ဖိုးနည်းအိမ်ရာ တည်ဆောက်ရေးဆိုင်ရာ   ကိစ္စရပ်များ     ညှိနှိုင်းပေါင်းစပ်    ဖြည့်ဆည်းပေးခဲ့သည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် စိုက်ပျိုးရေး၊မွေးမြူးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနလက်အောက်ရှိ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ တည်ဆောက်ရေး(၃)မှ တာဝန်ယူတည်ဆောက် ပြီးစီးခဲ့သော သီကီရ်ရေလှောင်တမံသို့    သွားရောက်ကြည့်ရှု့ခဲ့ပြီး အဆိုပါရေလှောင်တမံမှ သီကီရ်ဒေသ အတွင်းရှိ ကျေးရွာ(၁၁)ရွာ ရေပေးဝေရေးကိစ္စရပ်များအပေါ် လမ်းညွှန်မှာကြားခဲ့သည်။
    ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ချင်းပြည်နယ်ဝန်ကြီးချုပ်နှင့်အတူ ဒီဇင်ဘာလ (၂၃) ရက်နေ့ နံနက်ပိုင်းတွင် ဟားခါးမြို့မှတစ်ဆင့် ဝေဘူလမြို့သို့ ရောက်ရှိခဲ့ပြီး ဒေသခံမြို့မိ/မြို့ဖများနှင့် တွေ့ဆုံ၍ မြို့မိ/မြို့ဖများ၏ ဒေသဖွံ့ဖြိုးရေးအတွက် လိုအပ်ချက် ရှိသည်များအား တင်ပြမှုအပေါ် ပြည်ထောင်စုဝန်ကြီးက ညှိနှိုင်းပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။
နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့်  ဖလမ်းမြို့နယ်အတွင်းရှိ  ကျေးရွာပေါင်း (၁၃) ရွာကို အကျိုးပြုမည့် အရှည် (၃၉/၀)မိုင်ရှိ အိုင်ကွန်- အိုင်ဘွာလ်-ကြောင်ဟွေ့-ကောဆဲ လမ်းကို  ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်တွင် မြေလမ်း(၁၃/၀)မိုင်၊ ၂၀၁၇ - ၂၀၁၈   ဘဏ္ဍာရေးနှစ်တွင်    မြေလမ်း(၁၃/၀)မိုင်နှင့် ၂၀၁၈-၂၀၁၉ ပထမ(၆)လ ဘဏ္ဍာနှစ်တွင် မြေလမ်း(၂/၀)မိုင် စုစုပေါင်းလမ်းမိုင်(၂၈/၀)မိုင် ဖောက်လုပ်ပြီးစီးခဲ့ပြီး ၂၀၁၈ - ၂၀၁၉ ဒုတိယ(၁၂)လ ဘဏ္ဍာနှစ်တွင် မြေလမ်း(၅/၀)မိုင်နှင့် ကျန်ရှိသည့် မြေလမ်း(၆/၀)မိုင်တို့ကို  ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်းသတင်းရရှိသည်။

 

Post Paragraph