ဇူလိုင်လ ၅ ရက်
    နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် သည် အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်ဇော်ဇော်နိုင်နှင့် တာဝန်ရှိသူ များလိုက်ပါလျက် ဇူလိုင်လ ၂ ရက်နေ့ နေ့လည်တွင် နမ့်စန်မြို့နယ်အတွင်းရှိ နောင်စန့်-နောင်ဗို ကျေးရွာချင်းဆက်လမ်း ၈ မိုင်တွင် ၁ မိုင် ၄ ဖာလုံ ကျောက်လမ်းခင်းခြင်း လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အားလည်းကောင်း၊ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ၆ လဘတ်ဂျက်တွင်  ၃၅ ပေ သံကူကွန်ကရစ်တံတား တည်ဆောက်ရန် လျာထားနေရာအားလည်းကောင်း၊ နားရိုင်း-ကုန်းမလမ်းမှ မောက်မယ် - ဆီဆိုင် လမ်းခွဲထိ ၁၆ မိုင် ၆ ဖာလုံတွင် ၂ မိုင် ကျောက်ခင်းခြင်းလုပ်ငန်းဆောင်ရွက်ပြီးစီးမှုအားလည်းကောင်း ကြည့်ရှုစစ်ဆေးခဲ့ပါသည်။ 
    ပြည်ထောင်စုဝန်ကြီးသည် ဇူလိုင်လ ၃ ရက်နေ့ နံနက်ပိုင်းတွင် ကွန်ဟိန်းမြို့နယ်ဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံးနှင့် အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းသို့ ရောက်ရှိပြီး ကျောင်းအုပ်ဆရာမကြီး၏ သင်တန်းကျောင်းဆိုင်ရာ အချက်အလက်များ ရှင်းလင်းတင်ပြမှုအပေါ် လိုအပ်သည်များ ညှိနှိုင်းဖြည့်ဆည်း၍ ဝန်ထမ်းများ၊ သင်တန်းသူများအား အမှာစကားပြောကြားခဲ့ ပါသည်။ ၎င်းနောက် ဝန်ထမ်းများနှင့် သင်တန်းသူများအတွက် ဝတ်စုံများ ထောက်ပံ့ပေးအပ်ကာ သင်တန်းကျောင်းဝန်းအတွင်းရှိ အိပ်ဆောင်များ၊ စားရိပ်သာများနှင့် တည်ဆောက်ရေးလုပ်ငန်းများ ကိုလိုက်လံကြည့်ရှုစစ်ဆေးခဲ့ပါသည်။
    ၎င်းနောက် ပြည်ထောင်စုဝန်ကြီးသည် နေ့လည်ပိုင်းတွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)သို့ ဆက်လက်ထွက်ခွါလာရာ ကျိုင်းတုံမြို့နယ်၊ လွယ်မွေမြို့ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းသို့ ညနေပိုင်းတွင်ရောက်ရှိပြီး ကျောင်းအုပ်၏ သင်တန်းကျောင်း ဆိုင်ရာ ရှင်းလင်းတင်ပြချက်အပေါ် လိုအပ်သည်များမှာကြား၍ ကျောင်းသား/ကျောင်းသူများ အတွက် ကျောင်းဝတ်စုံ၊ ဗလာစာအုပ်နှင့် စာ‌ရေးကိရိယာများထောက်ပံ့ပေးအပ်ကာ သင်တန်းကျောင်း အတွင်းရှိ အိပ်ဆောင်၊ စားရိပ်သာ၊ စာကြည့်တိုက်နှင့် သင်တန်းခန်းမများကို လိုက်လံကြည့်ရှု စစ်ဆေးခဲ့ပါသည်။
    ပြည်ထောင်စုဝန်ကြီးသည် ဇူလိုင်လ ၄ ရက်နေ့ နံနက်ပိုင်းတွင် ရှမ်းပြည်နယ်ဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံးခွဲ (ကျိုင်းတုံ)နှင့် အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်း သို့ရောက်ရှိ၍ ဝန်ထမ်းများ၊ ကျောင်းသား/ကျောင်းသူများနှင့် တွေ့ဆုံပြီး ဒေသဖွံ့ဖြိုးမှုကြီးကြပ်ရေး မှူး၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်း ကျောင်းအုပ်နှင့် နယ်စပ် ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေး သင်တန်းကျောင်း ကျောင်းအုပ်တို့က ဒေသဖွံ့ဖြိုးရေးနှင့် သင်တန်းကျောင်းဆိုင်ရာ အချက်အလက်များအား ရှင်းလင်းတင်ပြမှုအပေါ် လိုအပ်သည်များ ပေါင်းစပ် ညှိနှိုင်း၍ အမှာစကားပြောကြားခဲ့ပါသည်။ ၎င်းနောက် ဝန်ထမ်းများအတွက် ဝတ်စုံများ၊ ဦးထုပ်နှင့် ရှုးဖိနပ်များ၊ ကျောင်းသား/ကျောင်းသူများအတွက် ကျောင်းဝတ်စုံ၊ ဗလာစာအုပ်နှင့် စာ‌ရေးကိရိယာများ ထောက်ပံ့ပေးအပ်ကာ သင်တန်းကျောင်းဝန်းအတွင်း လိုက်လံကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။
    ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နေ့လည်ပိုင်းတွင် ကျိုင်းတုံမြို့နယ်၊ ကတ်ထိုက်- လွယ်ပန်တောင်း- အင်ဂိုလုံလမ်း ၃၃ မိုင် ၅ ဖာလုံအနက် ၁ မိုင် ၄ ဖာလုံ ကျောက်ခင်း ခြင်း၊ ကျိုင်းတုံ-တောင်ကြီးလမ်းမှ ပန်မတ်ကျေးရွာသို့အဝင်လမ်း ၁၃ မိုင်တွင် ၁ မိုင် ၄ ဖာလုံ ကျောက်ခင်းခြင်းလုပ်ငန်းများသို့ ရောက်ရှိစစ်ဆေးခဲ့ပြီး လမ်းတံတားလုပ်ငန်းများ သတ်မှတ် စံချိန်စံညွှန်းအရည်အသွေးပြည့်မီရေး၊ ရေရှည်တည်တံ့ခိုင်ခံ့စေရန်အတွက် ရေစီးရေလာကောင်းမွန် အောင်ဆောင်ရွက်ရေး၊ ဆောင်ရွက်ပြီး လမ်းလုပ်ငန်းများကို ပြုပြင်ထိန်းသိမ်းရန် စီမံဆောင်ရွက် ရေး၊ လိုအပ်သောနေရာများတွင် ရေပြွန်နှင့် Box Culvert များ ထည့်သွင်းဆောင်ရွက်ရေးတို့ကို မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။