အောက်တိုဘာလ ၈ ရက်

          နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်သည် ကချင်ပြည်နယ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်ကြည်လင်းနှင့် တာဝန် ရှိသူများ လိုက်ပါလျက် ကချင်ပြည်နယ် ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့နယ်အတွင်းရှိ ‌ဒေသဖွံ့ဖြိုးရေး ဆိုင်ရာလုပ်ငန်းများအား  ကြည့်ရှု စစ်ဆေးရန် အောက်တိုဘာလ ၄ ရက်နေ့ နံနက်က ပူတာအိုမြို့မှ ထွက်ခွာခဲ့ရာ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားဦးစီးဌာန၊ တံတားအထူးအဖွဲ့ (၁) မှ တာဝန်ယူ ဆောင်ရွက်လျက်ရှိသော မဂွေဇ-ခေါင်လန်ဖူးလမ်းပေါ်ရှိ ကဆန်ခချောင်းကူး၊ ပေ ၅၉၀ အရှည်ရှိ မဂွေဇတံတားလုပ်ငန်းခွင်သို့ နေ့လယ်ပိုင်းတွင်ရောက်ရှိပြီး တံတားတည်ဆောက်ရေး လုပ်ငန်းပြီးစီးမှု အား ကြည့်ရှုလေ့လာ၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ပေးခဲ့ပါသည်။

          ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မဂွေဇမှ ဆက်လက်ထွက်ခွာခဲ့ရာ မဂွေဇ-ခေါင်လန်ဖူး လမ်း (၀/၀) မိုင်တိုင်မှ ဆန်းလွတ်ချက်တောင်ထိပ် (၃၂/၁) မိုင်အထိ ဖောက်လုပ်ပြီးစီးခဲ့သည့် လမ်းများ၏ အခြေအနေ၊ ကျောက်ခင်းလမ်းဆောင်ရွက်ထားရှိမှု၊ တံတား၊ Box Culvert များ ထည့်သွင်းဆောင်ရွက်ထားရှိမှု၊ ထပ်မံလိုအပ်မည့် မြေထိန်းနံရံများ၊ ကျောက်စီရေမြောင်းများ ဆောင်ရွက်ရမည့် အခြေအနေနှင့် မိုးရာသီကာလ မြေပြိုကျမှုများကို အချိန်နှင့် တစ်ပြေးညီ စက်/ ယန္တရားများဖြင့် ဖယ်ရှားရှင်းလင်းခြင်း၊ လမ်းဘေးဝဲယာ ခြုံခုတ်ခြင်း၊ လမ်းပေါက်ဖာထေးခြင်း စသည့် ပြုပြင်ထိန်းသိမ်းရန် လိုအပ်မည့် အခြေအနေများကို အသေးစိတ် ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များမှာကြားခဲ့သည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ဆန်းလွတ်ချက် တောင်ထိပ်သို့ ရောက်ရှိပြီး တောင်ထိပ်လမ်း Level နှိမ့်ချခြင်း၊ တောင်ကြားလမ်းချဲ့ထွင်ခြင်း၊ View Point နေရာအတွက် စီမံဆောင်ရွက်နေသည့် အခြေအနေများကို ကြည့်ရှုစစ်ဆေး၍ တာဝန်ခံ အင်ဂျင်နီယာများ၊ ယာဥ်/ယန္တရားမောင်းစစ်သည်များအား တွေ့ဆုံအားပေးစကား ပြောကြားပြီး မိုင်တိုင် (၃၀/၄) ဇီဝပ်ဒမ်ကြားစခန်း၌ ညအိပ်ရပ်နားခဲ့ပါသည်။

          ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အောက်တိုဘာလ ၅ ရက်နေ့နံနက်ပိုင်းတွင် ဇီဝပ်ဒမ် ကြားစခန်းမှ ဆက်လက်ထွက်ခွာခဲ့ပြီး ဇီဝပ်ဒမ်ကြားစခန်းနှင့် ရီဒမ်းကြိုးတံတား (၄၃/၁) မိုင်ကြား လမ်းကြောင်း တစ်လျှောက် အခြေအနေများကို မော်တော်ယာဥ်/ခြေလျင်ဖြင့် အသေးစိတ် ကြည့်ရှု စစ်ဆေး၍ လမ်းအဆင့်မြှင့်တင်ဆောင်ရွက်ရမည့် လုပ်ငန်းများ၊ ပြုပြင်ထိန်းသိမ်းရမည့် ကိစ္စရပ် များကို မှာကြားခဲ့ပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဆောက်လုပ်ရေးဝန်ကြီး ဌာန၊ တံတားဦးစီးဌာန၊ တံတားအထူးအဖွဲ့ (၁) မှ တည်ဆောက်လျက်ရှိသော မလိခမြစ်ကူး၊ ရီဒမ်း တံတား၊ ၆၈၀ ပေ သို့ရောက်ရှိ၍ လေ့လာကြည့်ရှုပြီး ပေါင်းစပ်ညှိနှိုင်းမှုများ ဆောင်ရွက်ခဲ့ပါသည်။

          ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရီဒမ်းတံတားနှင့် ခေါင်လန်ဖူးမြို့ (၆၅/၄) မိုင်အကြား လမ်းပိုင်းတွင် ဆောင်ရွက်လျက်ရှိသည့် လမ်းတာချဲ့ခြင်းလုပ်ငန်းများ၊ တံတားများ၊ Box Culvert များကို ကြည့်ရှုစစ်ဆေးပြီး သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေး ဆောင်ရွက်နေသည့် အခြေအနေများ၊ ထပ်မံ ဆောင်ရွက်ရန်လိုအပ်သည့် လုပ်ငန်းများနှင့် လုပ်ငန်းခွင် အန္တရာယ် ကင်းရှင်းရေး ဂရုပြုဆောင်ရွက်ရန်တို့ကို တာဝန်ရှိသူများအား မှာကြား၍ လမ်းဖောက်လုပ်ရေးအဖွဲ့ များအား တွေ့ဆုံအားပေးစကား ပြောကြားခဲ့သည်။ ထို့နောက် ညနေပိုင်းတွင် ခေါင်လန်ဖူးမြို့သို့ ရောက်ရှိခဲ့ရာ ဒေသခံတိုင်းရင်းသားပြည်သူများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက လှိုက်လှဲစွာ ကြိုဆိုခဲ့ကြသည်။ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် မြို့မိ/မြို့ဖများ၊ တာဝန်ရှိသူများနှင့်အတူ မြို့ဖွံ့ဖြိုး တိုးတက်ရေးအတွက် ဆောင်ရွက်နိုင်မည့် အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေး ခဲ့ပြီး ညအိပ်ရပ်နားခဲ့ပါသည်။

          ပြည်ထောင်စုဝန်ကြီးသည် အောက်တိုဘာလ ၆ ရက်နေ့၊ နံနက်ပိုင်းတွင် ခေါင်လန်ဖူးမြို့ ခန်းမ၌ မြို့မိမြို့ဖ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ လက်ရှိဆောင်ရွက်နေသည့် မဂွေဇ-ခေါင်လန်ဖူးလမ်း ဖောက်လုပ်နေခြင်း စီမံကိန်းအပါအဝင် ခေါင်လန်ဖူးမြို့နှင့် ခေါင်လန်ဖူးဒေသ ဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စရပ်များကိုလည်းကောင်း၊ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများကို လည်းကောင်း၊ နယ်မြေလုံခြုံရေးနှင့်တည်ငြိမ်အေးချမ်းရေးအတွက် ဒေသခံများက ပူးပေါင်း ဆောင်ရွက်ရန် လိုအပ်သည့် ကိစ္စရပ်များကိုလည်းကောင်း ရှင်းလင်းဆွေးနွေးပြောကြားခဲ့ပြီး ခေါင်လန်ဖူးမြို့နယ်အုပ်ချုပ်ရေးမှူး၏ ဒေသဆိုင်ရာတင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်း ပေါင်းစပ် ဖြည့်ဆည်းပေးခဲ့ပါသည်။ အခမ်းအနားတွင် ဒေသခံပြည်သူများ၊ ဌာနေ ပြည်သူ့စစ်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ လမ်းဖောက်လုပ်ရေး အဖွဲ့များသို့ စားနပ်ရိက္ခာနှင့် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ပြီး ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ခေါင်လန်ဖူးမြို့ ရေရရှိရေးစီမံကိန်းအတွက် ရေစုကန် တည်ဆောက်မည့်နေရာ၊ ‌ရေဖြန့်ဝေသည့် ပိုက်လိုင်းသွယ်တန်းမည့် အခြေအနေများ၊ အားကစားကွင်းအဆင့်မြှင့်တင်ခြင်း၊ ကားရပ်နားကွင်းနှင့် စျေးဆိုင်ခန်းများ  တည်ဆောက်ရေး၊ ကိစ္စရပ်များ၊ မြို့ကွက်သစ်တိုးချဲ့ နိုင်ရေးအတွက် မြေနေရာရရှိနိုင်မည့် အခြေအနေများကို အသေးစိတ်လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းလိုအပ်ချက်များအား မှာကြားခဲ့ပါသည်။

          ထို့နောက် ပြည်ထောင်စု ဝန်ကြီးနှင့်အဖွဲ့သည် မွန်းလွဲပိုင်းတွင် ခေါင်လန်ဖူးမြို့မှ ပြန်လည် ထွက်ခွာခဲ့ပြီး လမ်းပိုင်းတလျှောက်  ခရီးသွားလုပ်ငန်း အထောက်အကူပြု View Point ရှုခင်းသာ နေရာများ၊ သဘာဝလှိုဏ်ဂူနေရာနှင့် ခရီးသွားဧည့်သည်များအတွက် တစ်ထောက်နားရပ် နေရာများ၊ စျေးဆိုင်ခန်းများ သတ်သတ်မှတ်မှတ် စနစ်တကျထားရှိနိုင်ရေး ညှိနှိုင်းပေါင်းစပ် ဆောင်ရွက် ပေးခဲ့ကာ ဇီဝပ်ဒမ်ကြားစခန်း၌ ညအိပ်အခြေပြုခဲ့ပါသည်။

          ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အောက်တိုဘာလ ၇ ရက်နေ့ နံနက်ပိုင်းတွင် ဇီဝပ်ဒမ် ကြားစခန်းမှထွက်ခွာခဲ့ရာ နောင်မွန်မြို့သို့ မွန်းလွဲပိုင်းတွင်ရောက်ရှိခဲ့ပြီး နောင်မွန်မြို့ခန်းမ၌ ဌာန ဆိုင်ရာတာဝန်ရှိသူများနှင့် တွေ့ဆုံအမှာစကားပြောကြား၍ မြို့နယ်အုပ်ချုပ်ရေးမှူး၏ ဒေသ ဆိုင်ရာ တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ပေးခဲ့ပြီး ညနေပိုင်းတွင်  ပူတာအို မြို့သို့ ပြန်လည်ရောက်ရှိခဲ့ကြောင်း သတင်းရရှိသည်။