နယ်စပ်ရေးရာဝန်ကြီးဌာန၏ ဖိတ်ကြားချက်အရ မြန်မာနိုင်ငံသို့ ရောက်ရှိနေသော ဗီယက်နမ် ဆိုရှယ်လစ်သမ္မတနိုင်ငံ လူမျိုးစုရေးရာကော်မတီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီး ဦးဆောင်သော ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့ မွန်ပြည်နယ်အတွင်း သွားရောက်လေ့လာ

နေပြည်တော်၊ စက်တင်ဘာလ ၁၂  ရက်
    နယ်စပ်ရေးရာဝန်ကြီးဌာန၏ ဖိတ်ကြားချက်အရ မြန်မာနိုင်ငံသို့ အလည်အပတ်ရောက်ရှိ နေသော  ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ လူမျိုးစုရေးရာကော်မတီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီး H.E. Mr. Dinh Que Hai ဦးဆောင်သော ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့သည် (၇-၉-၂၀၁၆) ရက်နေ့တွင် မွန်ပြည်နယ်အတွင်းရှိ ကျိုက်သလ္လံစေတီတော်မြတ်ကြီး၊ ဦးခန္တီ မဟာမြတ်မုနိဆုတောင်း ပြည့်ဘုရားကြီး၊ ဆံတော်ရှင် ဦးဇိနစေတီတော်တို့အား သွားရောက်ဖူးမြော် ကြည်ညိုကြပြီး လှူဖွယ် ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။
    ဗီယက်နမ်ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့သည် (၈-၉-၂၀၁၆) ရက်နေ့နံနက်ပိုင်းတွင် မွန်ပြည်နယ်အတွင်းရှိ ကျိုက္ခမီရေလယ်ဘုရား၊ သံဖြူဇရပ်စစ်သင်္ချိုင်း၊ သေမင်းတမန်ရထားလမ်း ပြတိုက်တို့အား ဆက်လက်လေ့လာခဲ့ကြသည်။ နေ့လည်ပိုင်းတွင် မုဒုံမြို့နယ်ရှိ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းသို့ သွားရောက်၍ သင်တန်းသူများ၏ စက်ချုပ်ပညာ လေ့လာသင်ကြားနေမှုများ၊ သင်တန်းသူများ၏ ချုပ်လုပ်ထားရှိသည့် လက်ရာများကို ကြည့်ရှု လေ့လာ၍ အမှတ်တရလက်ဆောင်များ အပြန်အလှန်ပေးအပ်ခဲ့ပြီး ကျောင်းဝန်းအတွင်းရှိ သင်တန်း ခန်းမများ၊ အိပ်ဆောင်များ၊ စားရိပ်သာများအား ကြည့်ရှုလေ့လာခဲ့သည်။
    ဆက်လက်၍ ဗီယက်နမ်ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့သည် (၉-၉-၂၀၁၆) ရက်နေ့နံနက် ပိုင်းတွင် ဆံတော်ရှင်ကျိုက်ထီးရိုး စေတီတော်မြတ်ကြီးအား ဖူးမြော်ကြည်ညို၍ ရွှေသင်္ကန်းများ ကပ်လှူပူဇော်ခဲ့ကာ စေတီတော်မြတ်ကြီးအတွင်း လှည့်လည်လေ့လာခဲ့ကြပြီး ညနေပိုင်းတွင် ပဲခူးတိုင်းဒေသကြီးရှိ ကမ္ဘောဇသာဒီနန်းတော်အား ကြည့်ရှုလေ့လာခဲ့ကြပါသည်။
    ဗီယက်နမ်ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့သည် (၁၀-၉-၂၀၁၆) ရက်နေ့ညနေပိုင်းတွင် လေကြောင်းခရီးဖြင့် ဗီယက်နမ်နိုင်ငံသို့ ပြန်လည်ထွက်ခွာသွားကြောင်း သတင်းရရှိပါသည်။