မတ်လ ၁၄ ရက်

          နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန အနေဖြင့် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စုရန်ပုံငွေဖြင့် မြေလမ်း ၃ မိုင်၊ ကျောက်လမ်း ၁၃ မိုင် ၄ ဖာလုံ၊ ကတ္တရာထပ်ပိုးလွှာ ၁ မိုင်၊ ကွန်ကရစ်လမ်း ၁ မိုင်နှင့် ဆိုလာ ၆၉ လုံး တပ်ဆင်ခြင်း လုပ်ငန်းများအား ခွင့်ပြုရန်ပုံငွေကျပ် ၂၁၈၅ ဒသမ ၇၈၁ သန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိပါသည်။

          အဆိုပါ လုပ်ငန်းများအနက်မှ ပင်လောင်းမြို့နယ်၊ ပေါင်းလောင်း-ပင်လောင်းလမ်းမကြီးမှ ရွာကြီးကျေးရွာသို့ ဆက်သွယ်သည့် လမ်း ၁၅ မိုင်အနက် ၁ မိုင် ၄ ဖာလုံ ကျောက်ခင်းခြင်း လုပ်ငန်းအား သတ်မှတ်စံချိန် စံညွှန်းများနှင့်အညီ အချိန်မီပြီးစီးနိုင်ရေးတို့အတွက် ရှမ်းပြည်နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ညွှန်ကြားရေးမှူး ဦးရဲလွင်ဦးနှင့် တာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေးခဲ့ ပါသည်။

          ၎င်းကျောက်လမ်းဆောင်ရွက်ပြီးစီးပါက ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်း မြို့နယ်ရှိ ကျေးရွာ ၁၆ ရွာ၊ အိမ်ထောင်စု ၁၂၄၆ စု၊ လူဦးရေ ၅၃၇၈ ဦး တို့၏ လူမှုစီးပွားဘဝများ ပိုမိုတိုးတက်လာမည်ဖြစ်ကြောင်း သိရှိရပါသည်။