နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် ဂျပန်နိုင်ငံ ကမ္ဘာ့လူသားအဖွဲ့အစည်း Terra People Association (TPA)တို့ ပူးပေါင်းဆောင်ရွက်ခဲ့သည့် သန့်ရှင်းသောသောက်သုံးရေပေးဝေရေးစီမံကိန်း ဖွင့်လှစ်

နေပြည်တော်၊ ဇွန် ၂၈
    နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနှင့် ဂျပန်နိုင်ငံ အစိုးရမဟုတ်သော အဖွဲ့အစည်း Terra People Association (TPA) အဖွဲ့တို့ ပူးပေါင်းဆောင်ရွက်မှုဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးခဲ့သည့် ရှမ်းပြည်နယ် (တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ၊ ပင်လောင်းမြို့နယ် ရင်းမှီးရပ်ကွက်(၁) ခုနှင့် ကျေးရွာ (၅) ရွာသို့ သန့်ရှင်းသော သောက်သုံးရေ ပေးဝေရေး ဖွင့်ပွဲအခမ်းအနားအား ယနေ့နံနက်ပိုင်းတွင် မြသိန်းတန်စာသင်တိုက်၌ ကျင်းပပြုလုပ်ခဲ့ရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် နာယက ဦးအောင်ခမ်းထီ၊  ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသဦးစီးအဖွဲ့ ဥက္ကဋ္ဌ ဦးခွန်စံလွင်၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဂျပန်နိုင်ငံသံရုံးနှင့် ကမ္ဘာ့လူသား အဖွဲ့အစည်း (TPA)တို့မှ ကိုယ်စားလှယ်များ၊ နယ်စပ်ရေးရာ ဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြသည်။
    ဖွင့်ပွဲအခမ်းအနား ပထမပိုင်းအစီအစဉ်အရ ရှမ်းပြည်နယ်အစိုးရအဖွဲ့    ပြည်နယ်ဝန်ကြီးချုပ်၊ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ ဥက္ကဋ္ဌ၊ ဂျပန်နိုင်ငံသံရုံးနှင့်(TPA)တို့မှ ကိုယ်စားလှယ်များက ရေပေးဝေရေးအထိမ်းအမှတ် ကမ္ဗည်းမော်ကွန်း အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဒုတိယဝန်ကြီး ဦးဆောင်သောအဖွဲ့က သောက်သုံးရေ ပေးဝေရေး လုပ်ငန်းအား စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးခဲ့သည်။
    ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်ဒုတိယဝန်ကြီး ဦးဆောင်သောအဖွဲ့သည် ရေလှောင်ကန် များ၊ ရေတင်စက်များ၊ လျှပ်စစ်သွယ် တန်းထားခြင်းလုပ်ငန်းများနှင့် ဒေသခံပြည်သူများ ရေရရှိသုံးစွဲနေမှုများအား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့သည်။
    အခမ်းအနား ဒုတိယပိုင်းအစီအစဉ်အရ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်နာယက ဦးအောင်ခမ်းထီ၊ ပြည်နယ်ဝန်ကြီးချုပ်၊ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌ၊ ဂျပန်နိုင်ငံသံရုံးမှ တာဝန်ရှိသူတို့က အမှာစကားပြောကြားကြသည်။ ဆက်လက်၍ (TPA) အဖွဲ့အစည်းမှ ကိုယ်စားလှယ်က လှူဒါန်းမှုနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပြီး ဒေသခံပြည်သူလူထုကိုယ်စား ရပ်မိရပ်ဖတစ်ဦးမှ ကျေးဇူးတင် စကားပြောကြားခဲ့သည်။
    ယနေ့ဖွင့်လှစ်ပေးခဲ့သည့် ရေပေးဝေရေးလုပ်ငန်းသည် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ တောင်ထီဗွာကျေးရွာအုပ်စု၊ ဥဆောင်းရေထွက်မှ အုတ်စီရေယူမြောင်းပြုလုပ်၍ အနယ်ထိုင်ကန်၊ ရေစစ်ကန်များမှတစ်ဆင့် ဂါလံ (၈၆၀၀၀) ဆံ့ ရေလှောင်ကန် (၂) ကန်မှ ရေတင်စက်များဖြင့် ရပ်ကွက် (၁) ခု၊ ကျေးရွာ (၅) ရွာရှိ ဂါလံ (၇၆၀၀) ဆံ့ ရေလှောင်ကန် (၉)ကန်သို့ သန့်ရှင်းသော သောက်သုံးရေများ ဖြန့်ဝေပေးနိုင်ခဲ့သဖြင့် ပင်လောင်းမြို့နယ် ရင်းမှီရပ်ကွက်၊ စင်းတောင်းကျေးရွာ၊ ထီတလိကျေးရွာ၊ တင်းထက်ကျေးရွာ၊ ဝါးပြုံးကျေးရွာ၊ တောင်လေးကျေးရွာများရှိ အိမ်ခြေ (၂၃၃၆) ခုမှ ဒေသခံပြည်သူ (၂၃၃၈၉) ဦး တို့အတွက် ရေလုံလောက်စွာ ဖြန့်ဝေပေးနိုင်မည်ဖြစ်သည်။
    ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ပင်လောင်းမြို့နယ်၊ နောင်တရားဒေသအတွင်း အစားထိုးဖွံ့ဖြိုးမှု အကောင်အထည်ဖော်ရေးလုပ်ငန်းများဖြစ်သည့် ဘုရားဖြူ- တီးခွဲ- ပေါ့အင် မြေလမ်း(၁/၄)မိုင် ဆောင်ရွက်ပြီးစီးမှုအားလည်းကောင်း၊ ထီရွေးထီရိုင်လမ်းပေါ်ရှိ (၅၀)ပေ ကွန်ကရစ်တံတား (၂)စင်းအားလည်းကောင်း၊ နယ်စပ်ရေးရာဝန်ကြီးဌာန၏ ထောက်ပံ့မှု ကျေးရွာလူထု၏ လုပ်အားပူးပေါင်းပါဝင်မှုနှင့် ဆောင်ရွက်လျက်ရှိသော နောင်ပီကျေးရွာအုပ်စု၊ ထီးရီး- ထီးရီးပေါင်း- ပေါင်းပြုံးလမ်း(၃/၀)မိုင် ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေတို့အား ကြည့်ရှုစစ်ဆေးခဲ့ပြီး ဒုတိယဝန်ကြီးက လမ်း/တံတားများဆောင်ရွက်ရာတွင် အရည်အသွေးစံချိန်စံညွှန်းကောင်းမွန်ရေး၊ လမ်းပခုံးများ ပိုမိုကောင်းမွန်အောင် ဆောင်ရွက်ရေး၊ လမ်းများရေရှည် ခိုင်မြဲရေးအတွက် ရေမြောင်းများ ရေစီးရေလာကောင်းမွန်ရေး တံတားဆောက် လုပ်သည့် နေရာတွင် ကမ်းကပ်ခုံနှင့် ချဉ်းကပ်လမ်း ပြေပြစ်ချောမွေ့စေရေး၊ တံတားများရေရှည် ကောင်းမွန်အောင် တန်ပိုယာဉ်များဖြတ်သန်းသွားလာမှုမရှိစေရေး ဒေသခံပြည်သူလူထုက ဝိုင်းဝန်း ထိန်းသိမ်းစောင့်ရှေက်ကြရန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

 

Post Paragraph