နေပြည်တော် ဒီဇင်ဘာလ ၄ ရက်
     နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနှင့် Terra People Association (TPA) တို့အကြား နားလည်မှုစာချွန်လွှာ လက်မှတ် ရေးထိုးပွဲ အခမ်းအနားအား ယနေ့ (၁၁:၀၀) နာရီတွင် နယ်စပ်ရေးရာဝန်ကြီးဌာန၊ အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်၊ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ Terra People Association မှ Country Representative ဖြစ်သူ Ms. SHIBATA Kyoko နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင် မှ အမှာစကားပြောကြားပြီး Terra People Association မှ Country Representative ဖြစ်သူ Ms. SHIBATA Kyoko မှ နားလည်မှုစာချွန်လွှာနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့ပါသည်။
     ထို့နောက် နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်နှင့် Terra People Association မှ Country Representative ဖြစ်သူ Ms. SHIBATA Kyoko တို့မှ နားလည်မှုစာချွန်လွှာအား လက်မှတ်ရေးထိုးခဲ့ကြပြီး အပြန်အလှန် လဲလှယ်ကြပြီး အမှတ်တရ စုပေါင်းဓါတ်ပုံရိုက်ကူးခဲ့သည်။
     ယနေ့ လက်မှတ်ရေးထိုးသည့် နားလည်မှုစာချွန်လွှာအနေဖြင့် အပြန်အလှန် ဆက်နွယ်အကျိုးပြု လူမှုအဖွဲ့အစည်း ဖန်တီး ဖော်ဆောင်ခြင်း စီမံကိန်းအား ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးမြို့နယ်၊ ညောင်ရွှေမြို့နယ်၊ ဆီဆိုင်မြို့နယ်၊ ဟိုပုံးမြို့နယ်၊ ပင်လောင်းမြို့နယ်၊ ကျောက်တလုံးကြီးမြို့နယ်၊ နောင်တရားမြို့နယ်နှင့် ချင်းပြည်နယ် မင်းတပ်မြို့နယ်၊ မတူပီမြို့နယ်နှင့် ထန်တလန်မြို့နယ်တို့တွင် အမေရိကန်ဒေါ်လာ (၃,၀၀၄,၂၀၀) ဖြင့် ၂၀၁၈ ခုနှစ်မှ ၂၀၂၂ ခုနှစ်အထိ စီမံကိန်းကာလ (၄) နှစ်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။