ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရားဒေသအတွင်း အကောင်အထည်ဖော် ဆောင်ရွက်လျှက်ရှိသည့် အစားထိုးဖွံ့ဖြိုးရေး ရှေ့ပြေးစီမံကိန်း ဆိုင်ရာ သတ္တမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော်၊ မေ ၁၄
    ရှမ်းပြည်နယ် (တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်း မြို့နယ်၊ နောင်တရားဒေသအတွင်းရှိ ပေါ့အင်၊ မွှေးပြင်၊ ပင်ခင်၊ လွယ်မောကျေးရွာ အုပ်စု (၄) စုအတွင်း အစားထိုးဖွံ့ဖြိုးရေး ရှေ့ပြေးစီမံကိန်းအား ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေး နှစ်မှစ၍ (၃) နှစ် (၆) လ ကာလသတ်မှတ် အကောင်အထည်ဖော် ဆောင်ရွက်လျှက်ရှိရာ အဆိုပါ စီမံကိန်းဆိုင်ရာ အစားထိုးဖွံ့ဖြိုးမှု အကောင်အထည်ဖော်ရေး စီမံခန့်ခွဲမှုအဖွဲ့၏ သတ္တမအကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား ယနေ့မွန်းလွဲ (၂) နာရီ အချိန်တွင် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ် သည်။
    အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲ စေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့၊ အစားထိုးဖွံ့ဖြိုးမှု အကောင်အထည်ဖော်ရေး စီမံခန့်ခွဲမှု ဥက္ကဋ္ဌ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်မှ အစားထိုးဖွံ့ဖြိုးမှု အကောင်အထည်ဖော်ရေး စီမံခန့်ခွဲမှုအဖွဲ့၏ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်ခဲ့သည့် စီမံကိန်းလုပ်ငန်းများနှင့် ရန်ပုံငွေသုံးစွဲမှု အခြေအနေများ၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် ပထမ (၆) လတာ ကာလ အတွင်း လျာထားလုပ်ငန်းများနှင့် ရန်ပုံငွေ အခြေအနေများ၊ အစားထိုးဖွံ့ဖြိုးမှု အကောင် အထည်ဖော်ရေး စီမံခန့်ခွဲမှုအဖွဲ့နှင့် ထိုင်းနိုင်ငံ မူးယစ်ဆေးဝါးထိန်းချုပ်ရေး ဘုတ်အဖွဲ့၊ မယ့်ဖားလုံဖောင်ဒေးရှင်း GIZ တို့ ပူးပေါင်း၍ ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်ဒေသနှင့် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပင်လောင်းဒေသများအတွင်း ကွင်းဆင်း သွားရောက်ခဲ့သည့် အခြေအနေများ၊ တာချီလိတ်ဒေသနှင့် ပင်လောင်းဒေသများအတွင်း ထိုင်းနိုင်ငံဘက်မှ အစားထိုးဖွံ့ဖြိုးရေးနှင့် စပ်လျဉ်း၍ နည်းပညာနှင့် အခြားကူညီပံ့ပိုးမှုများ ဆောင်ရွက်ရေး ကိစ္စများအား ဆွေးနွေးပြောကြားခဲ့ပါသည်။
    ထို့နောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်လာကြသည့် အစားထိုး ဖွံ့ဖြိုးမှု အကောင်အထည်ဖော်ရေး စီမံခန့်ခွဲမှုအဖွဲ့အောက်ရှိ ဌာနများအသီးသီးမှ တက်ရောက်လာကြသည့် ကိုယ်စားလှယ်များမှ အစားထိုးဖွံ့ဖြိုးရေး ရှေ့ပြေးစီမံကိန်းနှင့် စပ်လျဉ်း၍ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက် ပြီးစီးခဲ့သည့် စီမံကိန်းလုပ်ငန်းများနှင့် ရန်ပုံငွေသုံးစွဲမှု အခြေအနေများ၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် ပထမ (၆) လတာ ကာလအတွင်း အကောင်အထည်ဖော် ဆောင်ရွက်မည့် စီမံကိန်းလုပ်ငန်းများ၊ ရန်ပုံငွေများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြရာ ဒုတိယဝန်ကြီးက လိုအပ်သည်များ ဖြည့်စွက်လမ်းညွှန် မှာကြားခဲ့သည်။

 

Post Paragraph