ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် (ရန်ကုန်) သို့ တပ်မတော် (ကြည်း၊ ရေ၊ လေ) မိသားစုများက ကွန်ပျူတာများပေးအပ်လှူဒါန်း

နေပြည်တော် စက်တင်ဘာ ၁၅

          နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန ပြည်ထောင်စု တိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်၊ ရန်ကုန်တွင် အဆင့်မြင့်ပညာ သင်ကြားနေကြသည့် နယ်စပ်ဒေသအသီးသီးမှ တိုင်းရင်းသားကျောင်းသားများအတွက် တပ်မတော် (ကြည်း၊ ရေ၊ လေ) မိသားစုများက လှူဒါန်းသည့် သင်ကြားမှု၊ သင်ယူမှု အထောက်အကူပြု ကွန်ပျူတာ ၅၀ လုံး ပေးအပ်လှူဒါန်းခြင်းကို ယနေ့ နေ့လည်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်ရှိ ပြည်ထောင်စုတိုင်းရင်းသား လူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် (ရန်ကုန်) ဘွဲ့နှင်းသဘင်ခန်းမ၌ ပြုလုပ်သည်။

          အဆိုပါ ကွန်ပျူတာများ လှူဒါန်းပွဲသို့ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီး အောင်ကျော်ဇော၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မျိုးဇော်သိန်းနှင့် တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးများနှင့် ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်၊ ရန်ကုန်မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

          ဦးစွာ ဒုတိယဗိုလ်ချုပ်ကြီး အောင်ကျော်ဇောက ကွန်ပျူတာများ ပေးအပ်လှူဒါန်းရခြင်း နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နော် ကွန်ပျူတာများ ပေးအပ်လှူဒါန်းရာ ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် (ရန်ကုန်) မှ ဒုတိယညွှန်ကြားရေးမှူးချုပ် ကျောင်းအုပ်ကြီး ဒေါက်တာမင်းသန့်က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ပြီး တက်ရောက်လာကြသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကြပါသည်။