ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင် ရခိုင်ပြည်နယ်အတွင်းရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး

နေပြည်တော်၊ ဒီဇင်ဘာလ ၁ ရက်

    နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်သည် တာဝန်ရှိသူများလိုက်ပါလျက် (၂၉-၁၁-၂၀၁၈) နေ့လည်ပိုင်းတွင် စစ်တွေမြို့သို့ ရောက်ရှိခဲ့ရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု၊ လုံခြုံရေး နှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဖုန်းတင့် ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်  လေဆိပ်ခန်းမဆောင်၌  တွေ့ဆုံ၍ ရခိုင်နယ်မြေဒေသဖွံ့ဖြိုး တိုးတက်ရေး၊ လူ့စွမ်းအားအရင်းမြစ်ဖွံ့ဖြိုး တိုးတက်ရေး၊ လမ်းတံတားဖောက်လုပ်မှု လုပ်ငန်းများနှင့် တန်ဖိုးနည်း အိမ်ရာတည်ဆောက်မှု လုပ်ငန်းများအား ထပ်မံဆောင်ရွက်နိုင်ရေးကိစ္စရပ်များအား ညှိနှိုင်းဆွေးနွေး ခဲ့သည်။

    ဆက်လက်၍ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မောင်တောမြို့နယ် ကျောက်ပန္ဒူသို့ ရောက်ရှိ ၍ နယ်စပ်ရေးရာဝန်ကြီးဌာနမှ တာဝန်ယူဆောက်လုပ်ပြီးစီးခဲ့သည့် တန်ဖိုးနည်းအိမ်ရာ (၁၀၀)လုံး ကိုကြည့်ရှုစစ်ဆေးခဲ့ပြီး ဒေသခံတိုင်းရင်းသားများနေရာချထားပေးနိုင်ရေးအတွက် ပြည်နယ်အစိုးရအဖွဲ့ ထံ လွှဲပြောင်းပေးအပ်ခဲ့ကာ ပြည်နယ်အစိုးရနှင့်ဒေသခံများ တင်ပြချက်အပေါ်  ညှိနှိုင်းဖြည့်ဆည်း ပေးခဲ့သည်။

    ထို့နောက်  ပြည်ထောင်စုဝန်ကြီးသည်  ၂၀၁၂-၂၀၁၃ခုနှစ် ရန်ပုံငွေဖြင့် ဆောင်ရွက်ပြီးစီးခဲ့သည့် မောင်တော- ဝေသာလီ- ဥဒေါင်းကွန်ကရစ်လမ်း(၁၃/၀)မိုင် လမ်းနှင့် အေးရှားဝေါလ် ကုမ္ပဏီမှ ဆောင်ရွက်လျက်ရှိသည့် အငူမော်- အင်းဒင်- ကျောက်ပန္ဒူ- ဥဒေါင်း ကွန်ကရစ်လမ်းအား စက်ယန္တရားကြီးများဖြင့် ဖောက်လုပ်နေမှုအခြေအနေအား ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။    
ညနေပိုင်းတွင်ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ၂၀၁၈-၂၀၁၉ဘဏ္ဍာနှစ် ပထမ(၆)လပတ် ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်ပြီးစီးခဲ့သည့် ရွှေဇား-ပြင်ဖြူကွန်ကရစ်လမ်း(၁/၃)မိုင်သို့ ရောက်ရှိ စစ်ဆေးခဲ့ပြီး ရှင်းလင်းဆောင်၌ တာဝန်ခံအင်ဂျင်နီယာမှ လမ်းဖောက်လုပ်ထားရှိမှု အခြေအနေ ရှင်းလင်းတင်ပြချက် အပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ မှာကြားခဲ့သည်။
    ပြည်ထောင်စုဝန်ကြီးသည် ပြင်ဖြူ- လှဖိုးခေါင်- ကျီးကန်းပြင် ကျောက်ချောလမ်း ပြုပြင် ဆောင်ရွက်ပြီးစီးမှုအခြေအနေများအား ဆက်လက် ကြည့်ရှုစစ်ဆေးခဲ့သည်။
ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည်(၃၀-၁၁-၂၀၁၈)ရက်နေ့ နံနက်ပိုင်းတွင် ဘူးသီးတောင်- တောင်ပဇာလမ်းပိုင်းသို့ သွားရောက်၍ လမ်းရေရှည်တည်တံ့ခိုင်မြဲရန်အတွက် လိုအပ်သည့် ပြုပြင် ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရန် ကြည့်ရှုစစ်ဆေးခဲ့သည်။


    ဆက်လက်၍ ဘူးသီးတောင်မြို့နယ်၊ တောင်ပဇာကျေးရွာရှိ  ၂၀၁၇-၂၀၁၈ဘဏ္ဍာနှစ် ရန်ပုံငွေဖြင့်ဆောင်ရွက်ပေးခဲ့သည့် တန်ဖိုးနည်းအိမ်ရာ(၆၃)လုံးတွင် နေရာချထားပြီးသော ဒေသခံ တိုင်းရင်းသား (မြို/သက်)များ အခြေတကျ နေထိုင်မှုများအား ကြည့်ရှုစစ်ဆေး၍ ဆိုလာမီးများ ထောက်ပံ့ ပေးအပ်ခဲ့ပြီး နေထိုင်သူများ၏ တင်ပြချက်များအပေါ် ညှိနှိုင်းဖြည့်ဆည်း ပေးခဲ့သည်။
    
    နေ့လည်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် စစ်တွေမြို့နယ်ရှိ ပလ္လင်ပြင်- အောင်ဒိုင်- ကျက်တောပြင် ကွန်ကရစ်လမ်း(၃/၁)မိုင် ဆောင်ရွက်ပြီးစီးမှုအား လည်းကောင်း၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်ရန်ပုံငွေဖြင့် ဆောင်ရွက်မည့် ရွှေမင်းဂံလမ်းဆုံမှကံ့ကော်ကျွန်း-ရွာသစ်ကေ မြေသားလမ်း (၃/၁)မိုင်ဖောက်လုပ်မည့် လုပ်ငန်းအားလည်းကောင်း ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။
    နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် နယ်စပ်ဒေသတိုင်းရင်းသား ဖွံ့ဖြိုးရေးလုပ်ငန်းများ ဖြစ်သော လမ်း/တံတား၊ စိုက်ပျိုးရေ/သောက်သုံးရေရရှိရေး၊ ပညာရေး၊ ကျန်းမာရေး၊ ဘာသာရေး ဆိုင်ရာများ၊ဆိုလာမီးများနှင့်တန်ဖိုးနည်းအိမ်ရာများ ဆောင်ရွက်ပေးလျက်ရှိရာ ရခိုင်ပြည်နယ်အတွင်း ဒေသခံတိုင်းရင်းသားများအတွက် နေအိမ်ဆောက်လုပ်ပေးခြင်းလုပ်ငန်း များကို  မောင်တောမြို့နယ် ရှိ ရွှေဗဟိုကျေးရွာတွင်နေအိမ်(၅၀)လုံး၊ ကျောက်ပန္ဒူကျေးရွာတွင် နေအိမ်(၁၀၀)လုံး၊ နန်းရာကိုင်း ကျေးရွာတွင် နေအိမ်(၅၀)လုံး၊ ခုံတိုင်ကျေးရွာတွင် နေအိမ်(၁၈)လုံး၊ ဘူးသီးတောင်မြို့နယ်၌ တောင်ပဇာကျေးရွာတွင် နေအိမ်(၆၃)လုံး၊ ရသေ့တောင်မြို့နယ်အတွင်းအဝတာကျေးရွာတွင် နေအိမ် (၄၆)လုံးတို့ကို နှစ်အလိုက် ဆောင်ရွက်ပေးခဲ့ပြီး နောင်ဘဏ္ဍာနှစ်များတွင် လိုအပ်ချက်ရှိသည့် ကျေးရွာများအား ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။