ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် စစ်ကိုင်းတိုင်းဒေသကြီး၊ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ်နှင့် ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်(စစ်ကိုင်း)သို့ ကြည့်ရှုစစ်ဆေး

နေပြည်တော်   ဧပြီ   ၇   ရက်
   နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်သည် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုး၊ နယ်စပ်ရေးရာဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများ လိုက်ပါလျက် ဧပြီလ ၇ ရက်နေ့ နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ရွာသစ်ကြီးကျေးရွာရှိ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေး တက္ကသိုလ်သို့ ရောက်ရှိခဲ့ပြီး ဖွံ့ဖြိုးရေးတက္ကသိုလ်၌ ၂၀၁၉-၂၀၂၀ ပညာသင်နှစ် ပညာ‌ရေးဘွဲ့ ၅နှစ်သင်တန်း၊ အမှတ်စဉ်(၅) စတုတ္ထနှစ် (ဒုတိယနှစ်ဝက်) သင်တန်းတက်ရောက်နေသည့် သင်တန်းသား၊ သင်တန်းသူများ၏ ကိုဗစ် - ၁၉ စည်းကမ်းချက်များနှင့်အညီ စာမေးပွဲဖြေဆိုနေမှုများ အား ကြည့်ရှုအားပေးခဲ့သည်။ 
   ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် နေ့လည်ပိုင်းတွင် တက္ကသိုလ်အစည်းအဝေးခန်းမ၌ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ/ဌာနမှူးများနှင့်တွေ့ဆုံခဲ့ရာ ပါမောက္ခချုပ်မှ သင်တန်းကျောင်း ဆိုင်ရာအချက်အလက်များ၊ လေ့ကျင့်သင်ကြား‌ရေးဆိုင်ရာအခြေအနေများနှင့် ဝန်ထမ်းသက်သာချောင်ချိရေးအတွက် ဆောင်ရွက်ထားရှိသည့်  စိုက်ပျိုးမွေးမြူးရေးဆိုင်ရာကိစ္စရပ်များကို ရှင်းလင်းတင်ပြမှုအပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ  မှာကြားဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပါသည်။
   ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် တက္ကသိုလ်ဘွဲ့နှင်းခန်းမ၌ ပါမောက္ခချုပ်၊ ဒုတိယ ပါမောက္ခချုပ်များ၊ ပါမောက္ခ/ဌာနမှူးများ၊ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများနှင့်တွေ့ဆုံရာတွင် လက်ရှိပညာသင်ကြားရေးကာလနှင့် နောင်လာမည့် ပညာသင်ကြားရေး ကာလများတွင် ပညာရပ်များကို ကြိုးစားသင်ယူရေး၊ နိုင်ငံ၏သမိုင်းကြောင်းနှင့် ပထဝီဝင် အနေအထား၊ လက်ရှိဖြစ်ပေါ်နေသော အခြေအနေတို့ကို မှန်ကန်စွာသိရှိနားလည်ပြီး နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ ‌ရှေ့လုပ်ငန်းစဉ် ၅ ရပ်၊ ဦးတည်ချက် ၉ ရပ်တို့ဖြင့် အကောင်အထည်ဖော်ရာတွင် ပြည်ထောင်စုစိတ်ဓာတ်ဖြင့် တက်ကြွစွာပူးပေါင်းပါဝင်ရေး၊ ပါတီနိုင်ငံရေးကင်းရှင်းစွာဖြင့် နိုင်ငံဝန်ထမ်းကောင်းများပီသစွာ တာဝန်ထမ်းဆောင်ရေး၊ တိုင်းရင်းသားစည်းလုံညီညွတ်ရေးကို အခြေခံ၍ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျရာတာဝန်ကို ကျေပွန်စွာထမ်းဆောင်‌ရေး၊ ကျောင်းသား၊ ကျောင်းသူများအား စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာများ၊ ကျန်းမာကြံ့ခိုင်ရေး၊ အတွေးအခေါ် အသိပညာများ မှန်ကန်အောင်စဉ်းစား ဆုံးဖြတ်တက်စေရေး စသည်များ  စာမေးပွဲ ပြီးဆုံးလို့ မိဘရပ်ထံသို့ ခေတ္တပြန်လည်နေထိုင်ရာတွင်လည်း စနစ်တကျ ပျော်ရွှင်စွာနေထိုင်ရေး၊ ကျောင်းများပြန်လည် ဖွင့်လှစ်ချိန်တွင်  အချိန်မီရောက်ရှိအောင် ကြိုတင်ပြင်ဆင်ထားကြရန်၊ ဆရာ၊ ဆရာမများအနေဖြင့်လည်း ကျောင်းများပိတ်ထားသည့်ကာလအတွင်း မိမိတို့ တက်မြောက်ထားသည့် ပညာရပ်များ၊ ဘာသာရပ်များကို ပိုမိုပြည့်စုံစွာသိရှိထားရန်အတွက် စဉ်ဆက်မပြတ် လေ့ကျင့်သင်ကြားမှုများ ဆောင်ရွက်ထားကြရန်မှာကြားခဲ့ပြီး ဝန်ထမ်းများနှင့် ကျောင်းသား၊ ကျောင်းသူများအား ချီးမြှင့်ငွေများ ပေးအပ်ခဲ့ပါသည်။
   ထို့နောက် ကျောင်းဝန်းအတွင်းရှိ အားကစားကွင်း အဆင့်မြင့်တင်ဆောင်ရွက်မည့် အခြေအနေ၊  အိပ်ဆောင်၊ စားရိပ်သာ၊ စိုက်ပျိုးရေး ဆောင်ရွက်ထားရှိမှု အခြေအနေများအားလည်းကောင်း၊ ဝန်ထမ်းများ၊ ဝန်ထမ်းမိသားစုဝင်များ၊ ကျောင်းသား၊ ကျောင်းသူများ သက်သာချောင်ချိရေးအတွက် ဆောင်ရွက်မည့် အသားစားကြက်၊ ဥစားကြက်ခြံများနှင့် ငါးမွေးမြူရေးကန်များအား  လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ မှာကြားခဲ့ပါသည်။
   ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဧပြီလ ၈ ရက်နေ့ နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ အုန်းတောကျေးရွာရှိ ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်(စစ်ကိုင်း)သို့ ရောက်ရှိပြီး ဒီဂရီကောလိပ်အစည်းအဝေးခန်းမ၌ ကျောင်းအုပ်ကြီး၊ ပါမောက္ခ/ ဌာနမှူးများနှင့် လည်းကောင်း၊ ဘွဲ့နှင်းသဘင်ခန်းမ၌ ကျောင်းအုပ်ကြီး၊ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများနှင့်လည်းကောင်း တွေ့ဆုံ၍ လိုအပ်သည်များ မှာကြားဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကာ  ချီးမြှင့်ငွေများ ပေးအပ်ခဲ့ပါသည်။
   ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဒီဂရီကောလိပ် (စစ်ကိုင်း)၌ ၂၀၂၂ - ၂၀၂၃ ပညာသင်နှစ် သင်တန်းများအား ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ  ဖွင့်လှစ်နိုင်ရေး စီမံဆောင်ရွက် ထားရှိသည့် အိပ်ဆောင်၊ စာသင်ဆောင်၊ စားရိပ်သာနှင့် စာကြည့်တိုက်တို့အား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ပါသည်။
 

Post Paragraph