ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် မြေပုံ Software နှင့် GIS အသုံးပြု နည်းအခြေခံသင်တန်း အမှတ်စဉ် (၃) သင်တန်းဖွင့်ပွဲအခမ်းအနားတက်ရောက်

၂၀၂၂ ခုနှစ် မေ လ ၂  ရက်
    နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ ဝန်ထမ်းများအနေဖြင့် နယ်စပ်ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို အကောင်အထည် ဖော်ဆောင်ရွက်ရာတွင် ခေတ်နှင့်အညီတိုးတက်ပြောင်းလဲလျက်ရှိသည့် နည်းပညာဆိုင်ရာပညာရပ် များကို သိရှိနားလည်တတ်မြောက်အသုံးချနိုင်စေရန် ရည်ရွယ်၍ ဖွင့်လှစ် သည့် မြေပုံ Software နှင့် GIS အသုံးပြုနည်းအခြခံသင်တန်း အမှတ်စဉ် (၃) ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီအချိန် တွင် ဝန်ကြီးဌာန၊ စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
     အဆိုပါ အခမ်းအနားသို့ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ် ဖြိုးသန့်၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ လက်ထောက်အတွင်းဝန်/ ညွှန်ကြားရေးမှူးများ၊ အရာထမ်း၊ အမှုထမ်းများ၊ သင်တန်းနည်းပြများနှင့် တိုင်းဒေသကြီး/ပြည်နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးများမှ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။
    ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြေပုံ Software နှင့် GIS အခြေခံအသုံးပြုနည်း သင်တန်းတွင် လေ့ကျင့်အသုံးပြုမည့် သင်ထောက်ကူပစ္စည်းများကို ကြည့်ရှုစစ်ဆေး၍ သင်တန်းနည်းပြများနှင့် သင်တန်းသားများအား လိုအပ်သည်များ မှာကြား ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။
    နယ်စပ်ရေးရာဝန်ကြီးဌာန၏ မြေပုံ Software နှင့် GIS အသုံးပြုနည်း အခြေခံ သင်တန်း အမှတ်စဉ် (၁) အား သင်တန်းသား ၂၀ ဦးဖြင့်လည်းကောင်း၊ သင်တန်းအမှတ်စဉ် (၂) အား သင်တန်းသား/ သင်တန်းသူ ၂၇ ဦးဖြင့်လည်းကောင်း၊ ယခင်နှစ်များတွင် လေ့ကျင့်သင်ကြားပေးခဲ့ပြီး ယခု သင်တန်းအမှတ်စဉ် (၃) တွင် သင်တန်းသား/သင်တန်းသူ ၂၀ ဦးတို့အား ၂-၅-၂၀၂၂ ရက်နေ့မှ ၂၇-၅-၂၀၂၂  ရက်နေ့အထိ လေ့ကျင့်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။