ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင် ဂျပန်-မြန်မာ အသင်းဥက္ကဋ္ဌနှင့် ဂျပန်အထက်လွှတ်တော် အမတ်ဟောင်းအား လက်ခံတွေ့ဆုံ

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်သည် ဂျပန်-မြန်မာ အသင်းဥက္ကဋ္ဌနှင့် ဂျပန်အထက် လွှတ်တော်အမတ်ဟောင်း မစ္စတာ ဝါတာနာဘေး ဟိဒဲအိုအား ယနေ့မွန်းလွဲ ၂ နာရီတွင် နယ်စပ်ရေးရာဝန်ကြီးဌာန အစည်းအဝေး ခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံဆွေးနွေးစဉ် နယ်စပ်ရေးရာဝန်ကြီးဌာနက နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေး၊ နယ်စပ်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေး၊ နယ်စပ်ဒေသရှိ ပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက် ရေးဆိုင်ရာ လုပ်ငန်းစဉ်များကို အကောင်အထည်ဖော် ဆောင်ရွက်ပေးနေမှု၊ နယ်စပ်ရေးရာ ဝန်ကြီးဌာနနှင့် ဂျပန်-မြန်မာ အသင်းတို့ နယ်စပ်ဒေသ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်လျက်ရှိသော ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာ ဂျပန်ဘာသာစကားပြောသင်တန်း ဖွင့်လှစ်အကောင်အထည်ဖော် ဆောင်ရွက်နေမှု၊ ကိုဗစ်-၁၉ အလွန်တွင် ဆက်လက်ဆောင်ရွက်မည့် သက်ကြီးရွယ်အို စောင့်ရှောက်ရေး သင်တန်းဆိုင်ရာကိစ္စ၊ The Nippon Foundation နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသော ခေါင်းဆောင်မှုနှင့် စီမံခန့်ခွဲမှုဆိုင်ရာ သင်တန်းကိစ္စ၊ ဂျပန်နိုင်ငံ  Sustain abridge (SB) နှင့် ပူးပေါင်းဖွင့်လှစ်သည့် နယ်စပ်‌ဒေသ တိုင်းရင်းသား လူငယ်များ စက်မှုလက်မှု ပညာသင်တန်းကျောင်း (ဘားအံ) ကိစ္စ၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ဆောင်ရွက်လျက် ရှိသော နယ်စပ်ဒေသ ဘက်စုံဖွံ့ဖြိုးရေးစီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်နေမှုများနှင့် ဂျပန်နိုင်ငံ နိုင်ငံတကာ အဖွဲ့အစည်းများဖြစ်သည့် စေတနာအဖွဲ့၊ Terra People Association (TPA)၊ JICA ၊ Nishida Barley Processing Co.,Ltd တို့နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် နယ်စပ်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း များအား ရင်းနှီးပွင့်လင်းစွာ အသေးစိတ် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဖုန်းမြတ်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်နိုင်ငံသံအမတ်ကြီး မစ္စတာ အီချိရော မာရုယာမနှင့် သံရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြ ကြောင်း သိရသည်။