နေပြည်တော်၊ ဒီဇင်ဘာလ ၂၂ ရက်
    နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင် သည် ချင်းပြည်နယ်ဝန်ကြီးချုပ်    ဦးဆလိုင်းလျန်လွယ်၊  ချင်းပြည်နယ်အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဟန်ဝင်းအောင်နှင့် တာဝန်ရှိသူများ လိုက်ပါလျှက်  ဒီဇင်ဘာလ(၁၉) ရက်နေ့နှင့် (၂၀) ရက်နေ့များတွင် ချင်းပြည်နယ်အတွင်းရှိ တီးတိန်မြို့နယ်၊ ရိခေါဒါရ်မြိုနယ်များသို့ သွားရောက်၍  ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
    ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် အိန္ဒိယနိုင်ငံတို့ ပူးပေါင်း ဆောင်ရွက်လျှက်ရှိသော အိန္ဒိယ-မြန်မာချစ်ကြည်ရေးစီမံကိန်းဖြင့် ချင်းပြည်နယ် ဒေသဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်ထားရှိသည့် တီးတိန်မြို့နယ်၊ မဏိပူရ်မြစ်ကူးတံတား (ဖိရ်တွန့်) လုပ်ငန်းခွင်တို့ ရောက်ရှိခဲ့ပြီး တာဝန်ရှိသူများမှ တံတားတည်ဆောက်မှု အခြေအနေအား ရှင်းလင်းတင်ပြခဲ့ရာ ပြည်ထောင်စုဝန်ကြီးမှ တံတားရေရှည်တည်တံ့ခိုင်မြဲစေရေးအတွက် လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ပေးခဲ့သည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မဏိပူရ်မြစ်ကူးတံတား (တွီးထန်) သို့ ရောက်ရှိခဲ့ပြီး တံတားကြံ့ခိုင်မှုအခြေအနေများကို စစ်ဆေး၍ တံတားခိုင်နိုင်ဝန်ထက်ပိုသော ယာဉ်များ မဖြတ်သန်းစေရေးအတွက် ပြည်သူလူထုနှင့် ချင်းပြည်နယ်အစိုးရအဖွဲ့တို့မှ ပူးပေါင်းကြပ်မတ် ဆောင်ရွက်နိုင်ရေး ညှိနှိုင်းပေါင်းစပ်ပေးခဲ့သည်။
    ချင်းပြည်နယ်၊ တီးတိန်မြို့သို့ ရောက်ရှိနေသော ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်၊ ချင်းပြည်နယ် ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်၊ ချင်းပြည်နယ်အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဟန်ဝင်းအောင်နှင့်အဖွဲ့သည် ဒီဇင်ဘာလ(၂၀)ရက်နေ့ နံနက်ပိုင်း တွင် တီးတိန်မြို့၊ အမျိုးသမီး အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းအတွက် ၂၀၁၈- ၂၀၁၉ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စုရန်ပုံငွေဖြင့် တည်ဆောက်မည့် အရွယ်အစား(၁၀၀×၃၀×၂၁)ပေရှိ (၂)ထပ် ခန်းမဆောင်နှင့် အုပ်ချုပ်မှုရုံးသစ် တည်ဆောက်မည့် လုပ်ငန်းခွင်သို့ ရောက်ရှိ၍ ကျောင်း ဆောင်သစ်  ပန္နက်တင်   မင်္ဂလာအခမ်းအနား တက်ရောက်ခဲ့ပြီး   မင်္ဂလာအချိန်တွင်     ပြည်ထောင်စု
    ဝန်ကြီးနှင့်အဖွဲ့သည် သတ်မှတ်နေရာများ၌ ပန္နက်တင်ဆောင်ရွက်ခဲ့သည်။ အခမ်းအနားအပြီးတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကျောင်းရှေ့၌ စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးခဲ့ပြီး သင်တန်းသူများကို လေ့ကျင့်သင်ကြားပေးနေသော အခြေခံနှင့်  အဆင့်မြင့်စက်ချုပ်  သင်တန်းဆောင်၊ အိပ်ဆောင်နှင့် စားရိပ်သာတို့အား လှည့်လည်ကြည့်ရှု့စစ်ဆေးခဲ့ပါသည်။
     ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ချင်းပြည်နယ်ဝန်ကြီးချုပ်နှင့်အတူ   နယ်စပ်ဒေသများ ဖွံ့ဖြိုးရေး ရေရှည်တည်တံ့စေရေးအတွက် နယ်စပ်ဒေသ တိုင်းရင်းသားများ၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရန် ပြုစုပျိုးထောင်ပေးလျှက်ရှိသော တီးတိန်မြို့၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်းသို့ ရောက်ရှိခဲ့ပြီး ကျောင်းအုပ်၊ နည်းပြများနှင့် သင်တန်းသား၊ သင်တန်းသူများအား တွေ့ဆုံ၍ တိုင်းရင်းသားလူငယ်များအနေဖြင့် ပညာသင်ကြားရာတွင် ခံယူရမည့် သဘောထားများ၊ အခြေခံပညာအထက်တန်း အောင်ချက်ကောင်းမွန်စေရေး ကြိုးပမ်းကြရန်နှင့် ဒေသအကျိုး၊ နိုင်ငံ့အကျိုးကို ဆတက်ထမ်းပိုး ထမ်းဆောင်နိုင်သူများဖြစ်အောင် လေ့ကျင့်သင်ကြား ပေးသွားကြရန်၊ ကိုယ်ပိုင်အားလပ်ချိန်များတွင် စာအုပ်၊ စာပေများ ဖတ်ရှုလေ့လာခြင်း၊ အလေ့အကျင့် ကောင်းများ ရရှိစေရေးအတွက် စေတနာထား လေ့ကျင့်သင်ကြားပေးကြရန် မှာကြားခဲ့ကာ ကျောင်း၏လိုအပ်ချက်များအား ညှိနှိုင်းပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပြီး ကျောင်းဝန်းအတွင်း လိုက်လံကြည့်ရှု့စစ်ဆေး ခဲ့သည်။
    ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တီးတိန်မြို့နယ် ဒေသဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးသို့ ရောက်ရှိခဲ့ကာ ဦးစီးဌာနတည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအခြေအနေများကို ကြည့်ရှု့စစ်ဆေးခဲ့ပြီး ဝန်ထမ်းများနှင့် တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် တာဝန်သိမှု၊ တာဝန်ယူမှု၊ တာဝန်ခံမှုတို့ဖြင့် စေတနာထားပြီး အောင်မြင်အောင် ကြိုးပမ်းဆောင်ရွက်ကြရန် မှာကြားခဲ့သည်။
    နေ့လည်ပိုင်းတွင်  ပြည်ထောင်စုဝန်ကြီးသည်  ချင်းပြည်နယ်ဝန်ကြီးချုပ်နှင့်အတူ  တာဝန်ရှိသူ များလိုက်ပါလျှက် ဖလမ်းခရိုင်၊ ရိခေါဒါရ်မြို့သို့   ဆက်လက်ထွက်ခွါလာခဲ့ပြီး   ရိခေါဒါရ် မြို့ရှိ   အခြေခံ ပညာအထက်တန်းကျောင်းခွဲတွင် အိန္ဒိယအထောက်အပံ့ ရန်ပုံငွေဖြင့် တည်ဆောက်ပြီးစီးခဲ့သည့် (၂)ထပ် ကျောင်းဆောင် (၉၀×၃၀)ပေအား ကြည့်ရှုစစ်ဆေး၍ ကုမ္ပဏီတာဝန်ခံ၏ ရှင်းလင်းတင်ပြမှုအပေါ် ပြည်ထောင်စုဝန်ကြီးမှ လိုအပ်သည်များ မှာကြားခဲ့ပြီး ကျောင်းဝန်းအတွင်း လိုက်လံကြည့်ရှု စစ်ဆေးခဲ့သည်။
     ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရိခေါဒါရ်မြို့ ရေရရှိရေးအတွက် သီးကျီရ် ရေထွက်မှ(၂၀/၀)မိုင်နှင့် (၁၅/၀)မိုင်အကွာ ရေပေးဝေရန်  လျာထားသည့်နေရာသို့ ရောက်ရှိခဲ့ပြီး ရေရရှိနိုင်ရေးအတွက်  ကွင်းဆင်းလေ့လာ ထားရှိမှုအခြေအနေများကို    တာဝန်ရှိသူများမှ   ရှင်းလင်းတင်ပြခဲ့ရာ  ပြည်ထောင်စုဝန်ကြီးမှ  ညှိနှိုင်းပေါင်းစပ်ပေးခဲ့သည်။
    နယ်စပ်ရေရာဝန်ကြီးဌာနအနေဖြင့် နယ်စပ်ဒေသများဖွံ့ဖြိုးတိုးတက်စေရန်အတွက် နယ်စပ်ဒေသဖွံ့ဖြိုးရေး အခြေခံအဆောက်အအုံများ တည်ဆောက်ပေးရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေး စသည့် အဓိက တာဝန်(၂)ရပ်ကို အကောင်အထည်ဖော် ဆောင်ရွက်လျှက်ရှိရာတွင် နိုင်ငံတော်ရန်ပုံ ငွေဖြင့်သာမကနှစ် နိုင်ငံပူးပေါင်းဆောင်ရွက်ခြင်း၊ နိုင်ငံတကာအဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်လျှက်ရှိရာ ယခုဆောင်ရွက်ပြီးစီးခဲ့သော မဏိပူရ်မြစ်ကူးတံတား (ဖိရ်တွန့်) အား အရှည်(၃၁၀)ပေ၊ အကျယ် (၁၂) ပေ ရှိပြီး အိန္ဒိယနိုင်ငံ ထောက်ပံ့ရန်ပုံငွေဖြင့် ကျပ် (၆၃၈.၀၅၄) သန်းဖြင့် ဖြင့်လည်းကောင်း၊ မဏိပူရ်မြစ်ကူးတံတား(တွီးထန်)အား အရှည်(၄၀၀)ပေ၊ အကျယ်(၁၄)ပေရှိ ကားကူးကြိုးတံတားကို ခွင့်ပြုရန်ပုံငွေကျပ် (၆၆၀.၀၀၀) သန်းဖြင့်လည်းကောင်း တည်ဆောက်ထား ရှိကြောင်းနှင့် တံတားများကို ဒေသန္တရလမ်း/တံတားကော်မတီ၏ စံချိန်စံညွှန်း  သတ်မှတ်ချက်နှင့်အညီ   ကျေးလက်တံတား ခံနိုင်ဝန် (၁၃) တန်ဖြင့် တည်ဆောက်ထားခြင်း ဖြစ်ကြောင်း သတင်းရရှိသည်။