နေပြည်တော်၊ ဒီဇင်ဘာ ၁၃
    နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်သည် ကုလ သမဂ္ဂ လက်ထောက်အတွင်းရေးမှူးချုပ်၊ UNDP ၏ လက်ထောက်အုပ်ချုပ်ရေးမှူးနှင့် အာရှ-ပစိဖိတ် ဒေသဆိုင်ရာ ညွှန်ကြားရေးမှူး Mr. Haoliang Xu နှင့်အဖွဲ့အား ယနေ့ နံနက် (၁၁) နာရီခွဲတွင် ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
    ထိုသို့ တွေ့ဆုံရာတွင် နယ်စပ်ရေးရာဝန်ကြီးဌာနမှ မြန်မာနိုင်ငံအတွင်းရှိ ဖွံ့ဖြိုးမှုနောက်ကျ ကျန်နေခဲ့သည့် နယ်စပ်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေး၊ နယ်စပ်ဒေသများရှိ တိုင်းရင်းသားများ၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကုလသမဂ္ဂအဖွဲ့အစည်းများ၊ နိုင်ငံတကာအစိုးရအဖွဲ့ အစည်းများ၊ နိုင်ငံတကာအစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ နိုင်ငံဖွံ့ဖြိုးတိုးတက် အောင် ဆောင်ရွက်ပေးနေမှုများ၊ နိုင်ငံတော်အစိုးရမှ ပြည်တွင်းငြိမ်းချမ်းရေး ရရှိရန် ကြိုးပမ်းဆောင် ရွက်လျက်ရှိသည့် အခြေအနေများနှင့် ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ၌ ကုလသမဂ္ဂမှ ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များ၊ ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး ဗဟိုကော်မတီအနေဖြင့် ရခိုင်ပြည်နယ်ဆိုင်ရာ ကိစ္စရပ်များအပေါ် ဆောင်ရွက်ပေးနေမှုအခြေအနေများနှင့် ရခိုင်ပြည်နယ်အတွင်း ဦးစားပေးလုပ်ငန်းများဖြစ်သည့် နိုင်ငံသားဖြစ်ခွင့်၊ လွတ်လပ်စွာလှုပ်ရှားသွားလာခွင့်၊ ပညာရေး၊ ကျန်းမာရေး၊ လုံခြုံရေး၊ IDP စခန်းများ ပိတ်သိမ်းရေး၊ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးတို့နှင့် ပတ်သက်၍ နိုင်ငံတော် အစိုးရ၏ လက်ရှိဆောင်ရွက်ပေးနေမှုအခြေအနေများ၊ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူ အညီများ ထိထိရောက်ရောက်ပေးအပ်ရေး၊ ပြန်လည်နေရာချထားရေး၊ ပြန်လည်ထူထောင်ရေးကိစ္စ ရပ်များ၊ ဒေသဖွံ့ဖြိုးရေး၊ ရေရှည်ပဋိပက္ခ ကင်းဝေးရေးနှင့် သဟဇာတဖြစ်ရေး၊ လူမှုစီးပွားဘဝ ဖွံ့ဖြိုး တိုးတက်ရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးဖော်ဆောင်ရေးဆိုင်ရာ ကိစ္စရပ်များကို အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
    အဆိုပါတွေ့ဆုံပွဲသို့ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်နှင့် တာဝန် ရှိသူများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။