ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်နိုင်ငံ သံအမတ်ကြီးအား လက်ခံတွေ့ဆုံ

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်သည် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်နိုင်ငံသံအမတ်ကြီး H.E. Mr. Scot Marciel အား ယနေ့ မွန်းလွဲ (၁) နာရီအချိန်တွင် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ လက်ခံ တွေ့ဆုံခဲ့သည်။

          ထိုသို့တွေ့ဆုံရာတွင်  မြန်မာနိုင်ငံအတွင်းရှိ နယ်စပ်ဒေသများ တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ နယ်စပ်ဒေသတွင် နေထိုင်ကြသည့် တိုင်းရင်းသားပြည်သူများ၏ လူမှုစီးပွား ဘဝဖွံ့ဖြိုးတိုးတက်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက် ပေးနေမှုအခြေအနေများ၊ နိုင်ငံတော်အစိုးရက အကောင်အထည်ဖော် ကြိုးပမ်းဆောင်ရွက်နေသည့် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးဆိုင်ရာကိစ္စရပ်များ၊ အမေရိကန်နိုင်ငံ ဟိုနိုလူလူမြို့တွင် Asia-Pacific Center for Security Studies (APCSS) မှ ကြီးမှူးဖွင့်လှစ်သည့် သင်တန်းများသို့ နယ်စပ်ရေးရာဝန်ကြီးဌာနမှ ပါဝင်တက်ရောက်ခြင်းဖြင့် ရရှိခဲ့သည့် အကျိုးကျေးဇူးများ၊ ရှေ့ဆက်လက် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များကို  အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

          အဆိုပါတွေ့ဆုံပွဲသို့ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။