နေပြည်တော် ဒီဇင်ဘာ  ၁၆
    နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်သည် တာဝန်ရှိသူများ လိုက်ပါလျက်  ယနေ့နံနက်ပိုင်းတွင် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မိတ္ထီလာခရိုင်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး၌ စုဖွဲ့သိုလှောင်ထားရှိသည့် ယာဉ်/ယန္တရားများအား သွားရောက် ကြည့်ရှုစစ်ဆေးခဲ့သည်။
    ရှေးဦးစွာ မိတ္ထီလာခရိုင်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး တာဝန်ခံ ဒုတိယညွှန်ကြားရေးမှူး ဦးသီဟဇော်မှ နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ၊ လူစွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေးလုပ်ငန်းများ၊ သဘာဝဘေးအန္တရာယ်ကြောင့် ဖြစ်ပေါ်လာသည့် လုပ်ငန်းများအတွက် အရေးပေါ် သုံးစွဲနိုင်ရန် ယာဉ်/ယန္တရားများ စုဖွဲ့ထားရှိမှု အခြေအနေများအား ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက ယာဉ်/ယန္တရားများ၏ စက်စွမ်းအားအပြည့်အဝအသုံးချနိုင်ရေးအတွက် စဉ်ဆက်မပြတ်ကြံ့ခိုင်မှု ပြုလုပ်ထားရှိရေး၊ အရေးပေါ်အခြေအနေများ၌ အချိန်နှင့်တစ်ပြေးညီ အသုံးပြုနိုင်ရန်အတွက် ဆောင်ရွက်ထားရှိရေး၊ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများအား အလေးထား ဆောင်ရွက်သွားကြရန် မှာကြားခဲ့သည်။    
    ထို့နောက် ယာဉ်/ယန္တရားများကြံ့ခိုင်မှုအတွက် စမ်းသပ်မောင်းနှင်မှုများအား ကြည့်ရှုစစ်ဆေး ခဲ့ပြီး လိုအပ်သည်များဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်းသတင်းရရှိသည်။