နေပြည်တော်၊ နိုဝင်ဘာ ၁၆
    နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်သည် ရှမ်းပြည် နယ်အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးလှဦး၊ လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဦးခွန်ရဲသွေး၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၊ ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်ဝင်းဇော်မိုး၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများလိုက်ပါလျှက် ရှမ်းပြည်နယ်(တောင်ပိုင်း) နှင့် ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသအတွင်းရှိ နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးခဲ့ရာ (၁၄-၁၁-၂၀၁၈) ရက်နေ့ နံနက်ပိုင်းတွင် ရပ်စောက် မြို့နယ်၊ ကျောက်ဂူ-နောင်ဝိုးလမ်းသို့ရောက်ရှိခဲ့ပြီး ၂၀၁၇-၂၀၁၈ ခု ဘဏ္ဍာရေးနှစ် ရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့သော ကတ္တရာလမ်း(၅/၀)မိုင် ဖောက်လုပ်ခြင်း၊ ကျောက်လမ်း(၁၅/၀)မိုင် ပြုပြင်ထိန်းသိမ်းခြင်းနှင့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ပထမ(၆)လ ရန်ပုံငွေဖြင့် ဆောင်ရွက်ပြီးစီးသည့် (၂၅)ပေ ကွန်ကရစ်တံတား(၂)စင်း၊ (၈)ပေ  Box Culvert (၃)စင်း တည်ဆောက်ပြီးစီးမှု အခြေအနေများကို ကြည့်ရှုစစ်ဆေး၍ တာဝန်ရှိသူ များ၏ တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များအား ညှိနှိုင်းပေါင်းစပ် ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။
    ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ညဉ့်စဉ်-ပန်ဝပ်-ကုန်းဆာ မြေသားလမ်းသို့ သွားရောက်ပြီး ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် ပထမ(၆)လတွင် ဆောင်ရွက်ခဲ့သော ကျောက်ချော လမ်း (၂/၀)မိုင် ပြီးစီးမှုနှင့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ဆောင်ရွက်နေသော ကျောက်ချောလမ်း (၃/၀) မိုင်ကို ကြည့်ရှုစစ်ဆေးကာ သတ်မှတ်ကာလပြီးစီးရေး၊  ရေနုတ်မြောင်းများနှင့် လမ်းပုခုံးများကို ရေစီးရေလာကောင်းရန်အတွက် စနစ်တကျဆောင်ရွက်သွားရန် မှာကြားခဲ့သည်။ ယခုဖောက်လုပ်နေသော နောင်ဝိုး-ညဉ့်စဉ်-ကုန်းဆာ-နမ့်လန်လမ်းပြီးစီးပါက ရှမ်းပြည်နယ် (တောင်ပိုင်း) အင်တော၊ ကျောက်ဂူဒေသမှ ရှမ်းပြည်နယ်(မြောက်ပိုင်း) သီပေါ၊ လားရှိုးသို့ အချိန်တိုအတွင်း ကူးလူးသွားလာနိုင်မည် ဖြစ်ပါသည်။
    ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နေ့လည်ပိုင်းတွင် ရပ်စောက်မြို့နယ် ကျောက်ဂူ-ထမင်းပေါင်း-ကျောက်မီးခတ်-မရင်းကုန်းလမ်း လုပ်ငန်းခွင်သို့ သွားရောက်ခဲ့ပြီး ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ပထမ(၆)လတွင် ဆောင်ရွက်ပြီးစီးခဲ့သည့် ကျောက်ချောလမ်း (၃/၀)မိုင်၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် ရန်ပုံငွေဖြင့် ဆောင်ရွက်မည့် ကျောက်လမ်း(၂/၀)မိုင် လုပ်ငန်းခွင်များကို ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
အလားတူ ပြည်ထောင်စုဝန်ကြီးသည် (၁၅-၁၁-၂၀၁၈) ရက်နေ့တွင် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ တောင်ကြီးမြို့နယ်အတွင်း၌ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်ရန်ပုံငွေဖြင့် ဖောက်လုပ်ပြီးစီး ခဲ့သည့် တောင်ကြီး-ပန်းတင်-ဖက်ကွန်-လင်းလေ-ဇလဲ ကတ္တရာလမ်း(၄/၀) မိုင်နှင့် ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်အတွင်း ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ပထမ(၆)လ ရန်ပုံငွေဖြင့် ဆောင်ရွက်ပြီးစီးခဲ့သည့် နမ့်ပေါ်ဟွန်း-ပါပန့်-သက်သာ-ပုံချောင်း မြေလမ်း(၃/၀)မိုင် လုပ်ငန်းခွင် များသို့ ရောက်ရှိခဲ့ပြီး လမ်းလုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သတင်းရရှိသည်။