ပြည်ထောင်စုဝန်ကြီးဒုတိယဗိုလ်ချုပ်ကြီးရဲအောင် ပူတာအိုခရိုင်အတွင်းဆောင်ရွက်နေသောခေါင်လန်ဖူးလမ်းဖေါက်လုပ်ရေးလုပ်ငန်းများစစ်ဆေး

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်သည် ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးနေလင်းထွန်း နှင့် ဝန်ကြီးဌာနမှတာဝန်ရှိသူများ လိုက်ပါလျက် မတ်လ(၁၄)ရက်နေ့တွင် ကချင်ပြည်နယ်၊ပူတာအိုခရိုင်အတွင်း ဝန်ကြီးဌာနမှ တာဝန်ယူဆောင်ရွက်နေသော မဂွေဇ-ခေါင်လန်ဖူးကားလမ်း (၆၅/၄)မိုင် ဖေါက်လုပ်နေမှု အခြေအနေများကို သွားရောက်စစ်ဆေးခဲ့သည်။

          ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပူတာအိုမှတစ်ဆင့် လုပ်ငန်းခွင်သို့ ရောက်ရှိခဲ့ပြီး ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် နှင့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်များအတွင်း ဆောင်ရွက်ပြီးစီးခဲ့သော မြေလမ်းများနှင့် ကျောက်ခင်းလမ်းများ၏ ကောင်းမွန်မှု အခြေအနေများကို မော်တော်ယာဉ်ဖြင့်  မောင်းနှင်စစ်ဆေးကြည့်ရှုခဲ့ပြီးနောက် လက်ရှိလမ်းဖေါက်လုပ်ရောက်ရှိနေသော မေခမြစ်ကမ်းသို့ ရောက်ရှိခဲ့ပြီး မြစ်ဖြတ်ကူးရန် ကြိုတင်ပြင်ဆင်စုဖွဲ့ထားရှိသည့် ယန္တရားကူးဖောင်ရေချခြင်း၊ တစ်ဘက်ကမ်းတွင် လုပ်ငန်းခွင် ဝင်ရောက်ကြမည့်  မြေတူးစက်(၄)စီး၊ မြေထိုးစက် (၃)စီး၊ မြေသယ်ယာဉ်(၃)စီး၊ စက်သုံးဆီ၊ Crawler Drill (ကျောက်ဖေါက်စက်) (၁) စီး၊ ယမ်းနှင့်ဆက်စပ် ပစ္စည်းများအား သယ်ဆောင် ဖြတ်ကူးခြင်းလုပ်ငန်းများကို ကြပ်မတ်ဆောင်ရွက်၍ ယန္တရားများ     နှင့်အတူ မေခမြစ်တစ်ဘက်ကမ်းသို့လိုက်ပါကာ မေခမြစ်ကမ်းမှ ခေါင်လန်ဖူးအထိ  ဆက်လက် လမ်းဖေါက်လုပ်နေသည့် အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီးလိုအပ်သည်များ လမ်းညွှန်မှာကြား ခဲ့သည်။

          ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် လမ်းဖေါက်လုပ်ရေး ဆောင်ရွက်နေသော တပ်မတော် အင်ဂျင်နီယာတပ်ရင်းမှ စစ်သည်များ၊ ဝန်ကြီးဌာနမှ ဝန်ထမ်းများနှင့် ယန္တရားများဖြတ်ကူးနိုင်ရေး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပေးနေကြသော လုပ်သားများနှင့်တွေ့ဆုံ၍ ယခုလို ဆိုးရွားပြင်းထန် သည့် ရာသီဥတုအကြားမှ ဝေးလံခေါင်ပါးသည့် ဒေသခံပြည်သူလူထုအတွက် ဟူသောစိတ်ဓါတ်ဖြင့် မလျော့သောဇွဲလုံ့လနှင့် ကြိုးစားဆောင်ရွက်နေကြသူများအားလုံးကို အသိအမှတ်ပြုဂုဏ်ယူ မှတ်တမ်းတင်ပါကြောင်း၊ ခေါင်လန်ဖူးဒေသသည် ဒေသဖွံ့ဖြိုးရေး အဘက်ဘက်မှ နိမ့်ကျလျက်ရှိရာ ယခုကဲ့သို့ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်အောင် ဆောင်ရွက်ပေးခြင်းဖြင့် ဒေသ၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုစီးပွားဘဝဖွံ့ဖြိုးရေးကဏ္ဍများ အထိုက်အလျောက် မြင့်မားလာမည်ဖြစ် ပါကြောင်း၊ နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် တိုင်းရင်းသားများ၏ နယ်စပ်ဒေသများ အပါအဝင် တစ်နိုင်ငံလုံးအကြားအလပ်မရှိ ဖွံ့ဖြိုးရေးကြိုးပမ်း ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် လုပ်ငန်းများ ဆောင်ရွက်ရာတွင် လုပ်ငန်းခွင်အန္တရာယ် ကင်းရှင်းရေးနှင့် ရာသီဥတုဆိုးဝါးမှု ဒဏ်ခံနိုင်ရန် ကျန်းမာရေးအလေးထားကြရန်မှာကြားခဲ့ပြီး ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့ ပါသည်။

          ထို့နောက်တွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မေခမြစ်ကူးကြိုးတံတား (ရီဒမ်း) သို့ ရောက်ရှိခဲ့ပြီး လက်ရှိကြိုးတံတားအဟောင်း၏ ကြံ့ခိုင်မှုအခြေအနေကို ကြည့်ရှုစစ်ဆေး၍ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ တာဝန်ယူဆောင်ရွက်မည့် မေခမြစ်ကူးတံတား (ရီဒမ်း) တည်ဆောက်မပြီးစီးမီကာလအတွင်း ယခုကြိုးတံတားကို ယာဉ်ငယ်များ ယာယီဖြတ်သန်း အသုံးပြုနိုင်ရေးအတွက် တံတားကြံ့ခိုင်မှုကို စနစ်တကျစစ်ဆေးပြီး ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး ကျွမ်းကျင်အင်ဂျင်နီယာအဖွဲ့များဖြင့် စီစစ်တင်ပြရန် လမ်းညွှန်မှာကြားခဲ့ပြီး ဒေသခံကျေးရွာသားများကို တွေ့ဆုံနှုတ်ဆက်အားပေးစကားပြောကြား၍ ဇီဝဒမ်းလမ်းလုပ်ငန်း စီမံကိန်းရုံး သို့ ပြန်လည်အခြေပြုရပ်နားခဲ့သည်။

          ပြည်ထောင်စုဝန်ကြီးသည် မတ်လ (၁၅) ရက်နေ့ နံနက်ပိုင်းတွင် ဇီဝဒမ်းလမ်းလုပ်ငန်း စီမံကိန်းရုံး ရှင်းလင်းဆောင်တွင် တာဝန်ရှိသူအသီးသီးက လမ်းလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေ များ ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက ယခုဘဏ္ဍာနှစ်အတွင်း ဆောင်ရွက်ရန် ကျန်ရှိနေသော လမ်းလုပ်ငန်းများကို မူလလျာထား စီမံချက်ထက် ဆောလျင်စွာပြီးစီးပါက ဒေသခံ တိုင်းရင်းသားများအနေဖြင့် ဒေသဖွံ့ဖြိုးရေး အသီးအပွင့်များ စောစီးစွာ ရရှိခံစားနိုင်မှာဖြစ်ပြီး နိုင်ငံတော်ခွင့်ပြုရန်ပုံငွေဖြင့် ထိုက်တန်သည့် လုပ်ငန်းအရည်အသွေးများရရှိရေးနှင့် လေလွင့်ဆုံးရှုံး မှုများ မဖြစ်ပေါ်စေရေးအတွက် တာဝန်ရှိသူအဆင့်ဆင့်မှ ကြပ်မတ်ဆောင်ရွက်သွားကြရန် အသေးစိတ်မှာကြားခဲ့ပြီး ဇီဝဒမ်းစခန်းအနီးတွင် ကျောက်လမ်းခင်းခြင်း လုပ်ငန်းခွင် နှင့် တံတား၊ BoxCulvert တည်ဆောက်ခြင်း လုပ်ငန်းခွင်များသို့ သွားရောက်၍ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီးလိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဖြည့်ဆည်းပေးခဲ့သည်။

မဂွေဇ-ခေါင်လန်ဖူးလမ်းသည် ယခုအချိန်အခါတွင် ပူတာအို-မဂွေဇ-ရီဒမ်း (မေခမြစ်ကူး ကြိုးတံတား) အထိ မော်တော်ယာဉ်ဖြင့်လည်းကောင်း၊ ရီဒမ်း မှ ခေါင်လန်ဖူးအထိ ဆိုင်ကယ်ဖြင့် လည်းကောင်း နေ့ချင်းပေါက် သွားရောက်နိုင်ပြီဖြစ်ကြောင်း သတင်းရရှိသည်။

Post Paragraph