‌မတ်လ  ၁၃  ရက်

          နယ်စပ်ရေးရာဝန်ကြီးဌာနမှ နယ်စပ်ဒေသနေ တိုင်းရင်းသားပြည်သူများ၏ လူမှုစီးပွား ဘဝများ တိုးတက်မြင့်မားစေရေးအတွက် ဝန်ကြီးဌာန၏ ရည်မှန်းချက် ပန်းတိုင်ဖြစ်သော “အကြောင်းအမျိုးမျိုးကြောင့် ဖွံ့ဖြိုးမှု နောက်ကျကျန်ရစ်ခဲ့သည့် နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှုကို ပြည်နယ်/ ပြည်မ အကြားအလပ်မရှိစေရေး အရှိန်အဟုန် မြှင့်တင် ဆောင်ရွက်ပေးရန်” ဟူသည့် မဟာဗျူဟာအရ နယ်စပ်ဒေသအသီးသီးသို့ နယ်စပ်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများအား ဖြန့်ကျက်၍ အရှိန်အဟုန်မြှင့်ဆောင်ရွက်ပေးလျက်ရှိပါသည်။

          ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာတွင် ရှမ်းပြည်နယ် (မြောက်ပိုင်း) ရှိ ကွတ်ခိုင်မြို့နယ် အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းစဉ်၏ အဓိက အခန်းကဏ္ဍတွင်ပါဝင်သော လမ်းပန်းဆက်သွယ်မှု ကောင်းမွန်စေရေးအတွက် ကွတ်ခိုင်မြို့နယ်၊ လွယ်ခန် - နောင်ဟန် - နမ့်ရိမ်းလမ်း (၇/၀) မိုင် မြေသားလမ်းအား ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်မှ စတင်ကာ ကျောက်လမ်းအဖြစ် အဆင့်မြှင့်တင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အထိ ကျောက်လမ်း (၄/၀) မိုင် ဆောင်ရွက်နိုင်ခဲ့ပြီး ယခုအခါ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် နယ်စပ်ဒေသဖွံ့ဖြိုးရေး ခွင့်ပြုရန်ပုံငွေ ကျပ် ၂၆၃.၉၉၉ သန်းဖြင့် ကျောက်ခင်းလမ်း (၁/၄) မိုင်နှင့် ၎င်းလမ်းပေါ်တွင် တောင်ကျချောင်းရေများသော နေရာများ၌ (၁၅) ပေ ကွန်ကရစ်တံတား (၁) စင်းနှင့် (၂၆') Box Culvert (၅) စင်းအား ထည့်သွင်း အကောင်အထည်ဖော် ဆောင်ရွက်ပေးနိုင်ခဲ့ပါသဖြင့် နယ်စပ်ဒေသနှင့် တိုင်းရင်းသားပြည်သူများ ၎င်းလမ်းပိုင်းအား အသုံးပြု၍ သိန္နီ၊ ကွတ်ခိုင်၊ မူဆယ် နှင့် လားရှိုးမြို့များသို့ အချိန်မရွေးရာသီမရွေး သွားလာနိုင်တော့မည်ဖြစ်ပါကြောင်း နယ်စပ်ဒေသ နှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရှိရပါသည်။