ရှမ်းပြည်နယ်(မြောက်ပိုင်း)ကွတ်ခိုင်မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၂၆
    နယ်စပ်ရေးရာဝန်ကြီးဌာနမှ နယ်စပ်ဒေသနေတိုင်းရင်းသားပြည်သူများ၏ လူမှုစီးပွားဘဝများ တိုးတက်မြင့်မားစေရေးအတွက် ဝန်ကြီးဌာန၏  ရည်မှန်းချက်ပန်းတိုင်ဖြစ်သော “အကြောင်းအမျိုး မျိုးကြောင့် ဖွံ့ဖြိုးမှုနောက်ကျကျန်ရစ်ခဲ့သည့် နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုး တက်မှုကို ပြည်နယ်/ ပြည်မအကြားအလပ်မရှိစေရေး အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်ပေးရန်” ဟူသည့် မဟာဗျူဟာအရ နယ်စပ်ဒေသအသီးသီးသို့ နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ဖြန့်ကျက်၍ အရှိန်အဟုန်မြှင့်ဆောင်ရွက်ပေးလျက်ရှိပါသည်။
    ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာတွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)ရှိ ကွတ်ခိုင်မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းစဉ်၏ အဓိကအခန်းကဏ္ဍတွင်ပါဝင်သော လမ်းပန်းဆက်သွယ်မှုကောင်းမွန် စေရေးအတွက် ကွတ်ခိုင်မြို့နယ်၊ လွယ်ခန် -နောင်ဟန် -နမ့်ရိမ်းလမ်း (၇/၀) မိုင်မြေသားလမ်းအား ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်မှ စတင်ကာ ကျောက်လမ်းအဖြစ်အဆင့်မြှင့်တင် အကောင်အထည် ဖော်ဆောင်ရွက်ခဲ့ရာ ၂၀၁၉ -၂၀၂၀ ဘဏ္ဍာရေးနှစ်အထိ ကျောက်လမ်း (၄/၀) မိုင် ဆောင်ရွက်နိုင်ခဲ့ပြီး ယခုအခါ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် နယ်စပ်ဒေသဖွံ့ဖြိုးရေးခွင့်ပြုရန်ပုံငွေကျပ်(၂၆၃.၉၉၉) သန်းဖြင့် ကျောက်ခင်းလမ်း( ၁ / ၄ )မိုင်နှင့် ၎င်းလမ်းပေါ်တွင် တောင်ကျချောင်းရေများသော နေရာများ၌ (၁၅) ပေကွန်ကရစ်တံတား (၁) စင်းနှင့် (၅'× ၅'×၂၆') Box Culvert (၅) စင်းအား ထည့်သွင်းအကောင်အထည်ဖော် ဆောင်ရွက်ပေးနိုင်ခဲ့ပါသဖြင့် နယ်စပ်ဒေသနေတိုင်းရင်းသား ပြည်သူများ ၎င်းလမ်းပိုင်းအား အသုံးပြု၍ သိန္နီ၊ ကွတ်ခိုင်၊ မူဆယ်နှင့် လားရှိုးမြို့များသို့ အချိန်မရွေးရာသီမရွေး သွားလာနိုင်တော့မည်ဖြစ်ပါကြောင်း နယ်စပ်ဒေသနှင့်တိုင်းရင်းသား လူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရှိရပါသည်။