ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန ဖွဲ့စည်းဆောင်ရွက်ခြင်း
နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ မိမိဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် တာဝန် ထမ်းဆောင်နိုင်မည့် အသိပညာရှင်၊ အတတ်ပညာရှင်များအဖြစ် ပြုစုပျိုးထောင်နိုင်ရေးအတွက် သင်ကြားလေ့ကျင့်ပေးရန် ရည်ရွယ်၍ ၁၇-၆-၁၉၉၉ ရက်နေ့တွင် ကျင်းပသော နိုင်ငံတော်အစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ်(၂၁/၉၉)အရ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာနအား ၃ဝ-၆-၁၉၉၉ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ယခုအခါတွင်အောက်ပါအတိုင်းဖွဲ့စည်းထားပါသည်-
-
ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန(ရုံးချုပ်)။
-
ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်၊ စစ်ကိုင်း။ (စစ်ကိုင်းမြို့နယ်၊ ရွာသစ်ကြီးကျေးရွာ)
-
ပြည်ထောင်စုတိုင်းရင်းသားလူငယ်များစွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်၊
ရန်ကုန်(ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံဆိပ်ကမ်းမြို့နယ်။
-
ပြည်ထောင်စုတိုင်းရင်းသားလူငယ်များစွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်၊ စစ်ကိုင်း
(ယခင်မန္တလေးတိုင်းဒေသကြီး၊အမရပူရမြို့နယ်၊နတ်ရေကန်ကျေးရွာ)(ယခုစစ်ကိုင်းမြို့နယ်၊ အုန်းတောကျေးရွာ)။
-
ဗဟိုလေ့ကျင့်ရေးကျောင်း [ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်]။
-
တိုင်းဒေသကြီး/ပြည်နယ်ရုံး ၉ ရုံးနှင့် ခရိုင်ရုံး ၉ ရုံး။
-
နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်း ၄၇ ကျောင်း။
-
နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ စက်မှုလက်မှုပညာ သင်တန်းကျောင်း ၉ ကျောင်း။
-
အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း ၄၇ ကျောင်း။
ရည်ရွယ်ချက်
ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာနသည် အောက်ပါရည်ရွယ်ချက်များ ချမှတ်၍ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်-
- နယ်စပ်ဒေသရှိ တိုင်းရင်းသားလူငယ်များအား အခြေခံ၊ အဆင့်မြင့် ပညာရပ်များ သင်ကြားလေ့ကျင့်ပေးပြီး နယ်စပ်ဒေသ၏ လူ့စွမ်းအား အရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေး၊ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ရန်။
- နယ်စပ်ဒေသမှ အမျိုးသမီးငယ်များအား အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းများ သင်ကြားလေ့ကျင့်ပေးပြီး ကိုယ်ပိုင်စီးပွားရေး လုပ်ငန်းများ ထူထောင်နိုင်သည်အထိ ကူညီဆောင်ရွက်ပေးရန်။
ရည်မှန်းချက်နှင့် လုပ်ငန်းစဉ်များ
ရည်မှန်းချက်(၄)ရပ်
- တိုင်းရင်းသားလူမျိုးအချင်းချင်းချစ်ကြည်ရင်းနှီးမှုပိုမိုခိုင်မြဲစေရန်။
- တိုင်းရင်းသားလူမျိုးများ၏ ယဉ်ကျေးမှု၊ စာပေ၊ ဓလေ့ထုံးစံတို့ကိုမြတ်နိုးစွာ ထိန်းသိမ်းနိုင်စေရန်။
- တိုင်းရင်းသားလူငယ်များ၏ ဘဝနောင်ရေးအတွက် အခြေခံပညာ၊အဆင့်မြင့် ပညာနှင့် အသက်မွေးဝမ်းကျောင်းပညာရပ်များသင်ကြားပေးရန်။
- တိုင်းရင်းသားလူငယ်များ၏ မိမိဒေသ ဖွံ့ဖြိုးရေးတာဝန်များကို အသိစိတ်ဓာတ်ဖြင့် ထမ်းဆောင်စေရန်။
လုပ်ငန်းစဉ်(၉)ရပ်
- နယ်စပ်ဒေသရှိ တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နှစ်တို၊ နှစ်ရှည်စီမံကိန်းများ ရေးဆွဲဆောင်ရွက်မည်။
- နယ်စပ်ဒေသအသီးသီးတွင် နေထိုင်သော တိုင်းရင်းသားလူငယ်များကို အခြေခံပညာအလယ်တန်းမှ အထက်တန်းအထိ အခမဲ့ပညာသင်ကြားပေးခြင်းများ ဆောင်ရွက်မည်။
- အခြေခံပညာအထက်တန်း အောင်မြင်သည့် တိုင်းရင်းသား လူငယ်များကို ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်၊ ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်များတွင် အဆင့်မြင့်ပညာများ သင်ကြားပေးခြင်းနှင့် သင့်လျော်သည့် အခြားတက္ကသိုလ်များသို့ တက်ရောက်စေမည်။
- နယ်စပ်ဒေသရှိ တိုင်းရင်းသားလူငယ်များ အတူတကွနေထိုင် ပညာရှာမှီးရင်း နားလည်ရင်းနှီးချစ်ကြည်စေပြီး ပြည်ထောင်စုစိတ်ဓာတ် ခိုင်မြဲလာစေရန် ပြုစုပျိုးထောင်ပေးခြင်းများ ဆောင်ရွက်မည်။
- နယ်စပ်ဒေသရှိ တိုင်းရင်းသားလူငယ်များကို ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးဟူသော အသိစိတ်ဓာတ်များ ကိန်းအောင်းစေရန် ပျိုးထောင်ပေးခြင်းများ ဆောင်ရွက်မည်။
- အဆင့်မြင့်ပညာရပ်များ တတ်မြောက်ပြီးချိန်၌ ဝန်ကြီးဌာနအသီးသီးတွင် တာဝန်ခန့်အပ်၍ မိမိဒေသ၏ ဖွံ့ဖြိုးရေးလုပ်ငန်းများကို ပါဝင်ဆောင်ရွက်စေမည်။
- နယ်စပ်ဒေသရှိ တိုင်းရင်းသူများကို အမျိုးသမီးအိမ်တွင်းမှု သက်မွေးပညာရပ်များ သင်ကြားပေးခြင်းနှင့် သင်ကြားတတ်မြောက်သည့် အသက်မွေးဝမ်း ကျောင်း ပညာရပ်များဖြင့် ကိုယ်ပိုင်စီးပွားရေး ထူထောင်နိုင်သည်အထိ ပံ့ပိုးဆောင်ရွက်ပေးမည်။
- နယ်စပ်ဒေသရှိတိုင်းရင်းသားများကို စက်မှုလက်မှုပညာရပ်များ သင်ကြားပေးခြင်းဖြင့် ဒေသတွင်း ကျွမ်းကျင်လုပ်သားများဖြစ်ထွန်းလာစေပြီး၊ အသေးစား ကုန်ထုတ်လုပ်ငန်းများနှင့် အသေးစား စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန် ဆောင်ရွက်ပေးမည်။
- နယ်စပ်ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များကို ပိုမိုထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် ကုလသမဂ္ဂအဖွဲ့အစည်းများ၊ အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများ၊ ဒေသဆိုင်ရာအဖွဲ့အစည်းများ၊ ပုဂ္ဂိုလ်များနှင့်ပူးပေါင်းဆောင်ရွက်နိုင်ရန် စီမံ ဆောင်ရွက်မည်။