အောက်တိုဘာလ ၂၉ ရက်
ပညာရေးဘွဲ့ ၅ နှစ်သင်တန်းအမှတ်စဉ် (၈) သင်တန်းဆင်းပွဲနှင့် အလုပ်ခန့်အပ်လွှာ ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့ရှိ ပြည်ထောင်စုတိုင်းရင်းသား လူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားသို့ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်၊ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးကိုလေး၊ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် ကျော်စွာဦး၊ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ နယ်စပ်ရေးရာဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်၊ အထူးဖိတ်ကြားထားသော ဌာနဆိုင်ရာအကြီးအကဲများနှင့် ဧည့်သည်တော်များ၊ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ် ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ၊ ဌာနမှူးများ၊ ဆရာ၊ ဆရာမများ၊ သင်တန်းဆင်း ကျောင်းသား၊ ကျောင်းသူများနှင့် ၎င်းတို့၏ မိဘဆွေမျိုးများ တက်ရောက်ခဲ့ကြပါသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်က ဂုဏ်ပြုအမှာစကား ပြောကြားရာတွင် နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို အရှိန်အဟုန် မြှင့်တင်ဆောင်ရွက်လျက်ရှိရာ နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့်လည်း နယ်စပ်ဒေသများ တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ နယ်စပ်ဒေသရှိ တိုင်းရင်းသားလူငယ်များ၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် လူမှုူစီးပွားဘဝများ မြင့်မားတိုးတက်စေရေးတို့ကို စဉ်ဆက်မပြတ် အကောင်အထည် ဖော်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ နယ်စပ်ဒေသများရှိ တိုင်းရင်းသား လူငယ်မောင်မယ်များကို အဆင့်မြင့်ပညာရပ်များ တတ်မြောက်စေပြီး ၎င်းတို့၏ နယ်စပ်ဒေသများတွင် ဖွံ့ဖြိုးရေးလုပ်ငန်းများကို နိုင်ငံ့ဝန်ထမ်းများအဖြစ် ထိထိရောက်ရောက် ပါဝင်ဆောင်ရွက်နိုင်ရန်အတွက် ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေး တက္ကသိုလ်၊ ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်(ရန်ကုန်၊ စစ်ကိုင်း)တို့ကို ဖွင့်လှစ်သင်ကြားပေးလျက်ရှိပါကြောင်း။
ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်အား စတင်ဖွင့်လှစ်ခဲ့သည့်အချိန်မှ ယနေ့အထိ ဘွဲ့ရပညာတတ် တိုင်းရင်းသား လူငယ်များစွာကို မွေးထုတ်ပေးနိုင်ခဲ့ပြီးဖြစ်ပါကြောင်း၊ သင်တန်းဆင်း မောင်တို့မယ်တို့အနေဖြင့် အမိတက္ကသိုလ်က လေ့ကျင့်သင်ကြား ပို့ချပေးလိုက်သည့် ပညာရပ်များကို စဉ်ဆက်မပြတ် တိုးတက်မြင့်မားအောင် ကြိုးစားအားထုတ်၍ မိမိတို့သင်ကြားပြုစု ပျိုးထောင်ရမည့် ကျောင်းသားလူငယ်များအား ပြည်ထောင်စုစိတ်ဓာတ် အစဉ်ထာဝရ ကိန်းအောင်းရှင်သန်နေစေရေး၊ ခေတ်မီပညာရပ်များ တက်မြောက်အောင်သာမက ဗဟုသုတ၊ အတွေးအခေါ်၊ အမြော်အမြင်များ မြင့်မားလာစေရေး၊ အမှန်နှင့်အမှားကို ဝေဖန်ပိုင်းခြားနိုင်ပြီး ဗလငါးတန်နှင့်ပြည့်စုံသည့် ထူးချွန်ထက်မြတ်သူများဖြစ်အောင် လေ့ကျင့်ပျိုးထောင်ပေးသွားရမည်ဖြစ်ပါကြောင်း၊ သင်တန်းဆင်း မောင်တို့ မယ်တို့ အနေဖြင့် နိုင်ငံ့ဝန်ထမ်းများအဖြစ် ပညာရေးတာဝန်များကို ထမ်းဆောင်သည့်အခါ နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများ၊ စည်းမျဉ်း စည်းကမ်းများ အမိန့်၊ ညွှန်ကြားချက်များကို တိကျစွာလိုက်နာဆောင်ရွက်ပြီး နိုင်ငံတော်၏ ကျေးဇူးတရားကို သိရှိကာ မိမိတို့တာဝန်ကျရာ ဒေသများရှိ တိုင်းရင်းသားလူငယ်များကိုအနာဂတ်နိုင်ငံ့တာဝန်များထမ်းဆောင် နိုင်မည့် လူ့စွမ်းအားအရင်းအမြစ်တွေဖြစ်အောင် ပြုစုပျိုးထောင်ပေးကြရန်၊
နိုင်ငံတစ်နိုင်ငံတွင် ပညာတတ်များ ပေါများပြီး ပညာရေးအဆင့်အတန်းမြင့်မားပါက နိုင်ငံဖွံ့ဖြိုး တိုးတက်မည်ဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် အကြောင်းအမျိုးမျိုးကြောင့် ပညာရေးအားနည်းချက် ရှိသည့်အတွက် စဉ်းစားတွေးခေါ်မြော်မြင်နိုင်စွမ်း၊ အကြောင်းအကျိုး၊ အကောင်းအဆိုး ဝေဖန်သုံးသပ် နိုင်စွမ်းတွင် အများစုမှာ အားနည်းနေသည်ကို တွေ့ရှိပါကြောင်း၊ အတန်းပညာရှိမှသာ အတတ်ပညာ ရရှိနိုင်မည်ဖြစ်သကဲ့သို့ အတတ်ပညာရှိမှသာ အသိအမြင်နှင့် စဉ်းစားဆင်ခြင်နိုင်စွမ်း၊ ဝေဖန်ပိုင်းခြား ဆုံးဖြတ်နိုင်စွမ်းများ မြင့်မားလာမည်ဖြစ်သည့်အတွက် သင်တန်းဆင်း ကျောင်းသား၊ ကျောင်းသူများ အနေဖြင့် ပထဝီအနေအထား၊ ဗဟုသုတ၊ အတွေးအခေါ် အမြော်အမြင်ကောင်းများ ရရှိကြောင်း အမြဲကြိုးပမ်း အားထုတ် လေ့လာဆည်းပူးသွားကြရန် မှာကြားလိုကြောင်း။
၂၀၂၆ခုနှစ်၊ အောက်တိုဘာလ ၂၂ ရက်နေ့တွင် နိုင်ငံတော်သမ္မတအိမ်တော် ငုရွှေဝါခန်းမ၌ ကျင်းပပြုလုပ်သည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံမှ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ် ပညာရေးဘွဲ့ ၅နှစ်သင်တန်း အမှတ်စဉ်(၈)မှ ကျောင်းသား၊ ကျောင်းသူများက သြဝါဒခံယူပွဲအခမ်းအနား၌ နိုင်ငံတော်သမ္မတက “ မောင်တို့ မယ်တို့သည် နိုင်ငံတော်၏ အနာဂတ်ကို ပုံဖော်ပေးမည့် ပညာရေးဝန်ထမ်းများဖြစ်ကြသဖြင့် ဒို့တာဝန်အရေးသုံးပါးကို ဦးထိပ်ထားပြီး မိမိတို့တတ်မြောက်ထားသည့် ပညာသင်ကြာရေးအတတ်ပညာနှင့် နိုင်ငံတော်နှင့် ပြည်သူ့အကျိုးကို သယ်ပိုးဆောင်ရွက်ကြရန်၊ မိမိတို့ကျရာတာဝန်များကို သစ္စာရှိရှိ၊ စေတနာအပြည့်ဖြင့် ကျေပွန်အောင် ထမ်းဆောင်ကြရန် ” အလေးအနက် လမ်းညွှန်မှာကြားခဲ့သည့်အတွက် သင်တန်းဆင်း မောင်တို့ မယ်တို့ အနေဖြင့် နိုင်ငံတော်သမ္မတ၏ လမ်းညွှန်ချက်များကို မိမိတို့၏ ဘဝအတွက် အရေးပါသည့် လုပ်ငန်းလမ်းညွှန်ချက်များအဖြစ် ခံယူပြီး အလေးအနက် လိုက်နာဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း ။
သင်တန်းဆင်း မောင်တို့မယ်တို့အနေဖြင့် တာဝန်ကျရာဒေသများ၏ တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ဒေသခံတိုင်းရင်းသား ပြည်သူများနှင့်အတူ ပူးပေါင်းပါဝင်ဆောင်ရွက်သွားကြရန်၊ နိုင်ငံနှင့်ပြည်သူများ အားကိုးအားထားပြုရသည့် နိုင်ငံ့ဝန်ထမ်းကောင်းများအဖြစ် ပေးအပ်သည့် တာဝန်များကို ကျေပွန်အောင် ထမ်းဆောင်ကြရန် တိုက်တွန်းမှာကြားခဲ့ပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်က စံပြထူးချွန်ဆု၊ ဆရာအတတ်ပညာ ဘာသာထူးချွန်ဆု၊ စာပေဘာသာထူးချွန်ဆု (ဝိပွံဘွဲ့) ဆုရကျောင်းသား၊ ကျောင်းသူများအားလည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးကိုလေးက စာပေဘာသာထူးချွန်ဆု(သိပ္ပံဘွဲ့)၊ စာပေဘာသာထူးချွန်ဆု(ဝိဇ္ဇာဘွဲ့) ကျောင်းသူများအားလည်းကောင်း၊ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးက တိုင်းရင်းဘာသာ စာပေနှင့်ယဉ်ကျေးမှု ထူးချွန်ဆု၊ ဖွံ့ဖြိုးရေးဘာသာ ထူးချွန်ဆုရ ကျောင်းသူများအား လည်းကောင်း၊ ဂုဏ်ပြုဆုများအသီးသီး ချီးမြှင့်ပေးအပ်ခဲ့ပြီး ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာရေး ဦးစီးဌာန စစ်ကိုင်းတိုင်းပညာရေးမှူးက သင်တန်းဆင်း ကျောင်းသား၊ ကျောင်းသူ ၁၈၁ ဦး တို့ကို အလုပ်ခန့်အပ်လွှာများ ပေးအပ်ခဲ့ပါသည်။
အခမ်းအနားအပြီးတွင် ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့သည် ဘွဲ့နှင်းသဘင်ဧည့်ခန်းမဆောင်၌ ထူးချွန်ဆုရကျောင်းသား၊ ကျောင်းသူများကို တွေ့ဆုံဂုဏ်ပြု အားပေးစကား ပြောကြားခဲ့ပါသည်။ ထို့နောက် သင်တန်းဆင်း ကျောင်းသား၊ ကျောင်းသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများနှင့် ၎င်းတို့၏ မိသားစုဝင်များအား ခင်မင်ရင်းနှီးစွာ နှုတ်ဆက်ခဲ့ပါသည်။
နေ့လယ်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် တက္ကသိုလ်အစည်းအဝေးခန်းမ၌ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ၊ ဌာနမှူးများနှင့် တွေ့ဆုံ၍ ပါမောက္ခချုပ်က တက္ကသိုလ်ဆိုင်ရာ အချက်အလက်များ ရှင်းလင်းတင်ပြမှုအပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးကာ ဝန်ထမ်းများနှင့် ကျောင်းသား၊ ကျောင်းသူများအား ချီးမြှင့်ငွေများ ပေးအပ်ခဲ့ပြီး စားရိပ်သာ၌ ကျောင်းသူများနှင့် နေ့လည်စာ အတူတကွသုံးဆောင်ခဲ့ပါသည်။
မွန်းလွှဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တက္ကသိုလ်ကျောင်းဝန်းအတွင်းရှိ THEATRE ခန်းမ၌ အောက်တိုဘာ ကျောင်းပိတ်ရက် လေ့ကျင့်ရေး ကာလအတွင်း ကျောင်းသား၊ ကျောင်းသူများ၏ အထွေထွေဗဟုသုတ ယှဉ်ပြိုင်နေမှု၊ တက္ကသိုလ် စာကြည့်တိုက် အကြီးစားပြင်ဆင်နေမှု၊ သက်သာချောင်ချိရေး အရောင်းဆိုင်၊ မွေးမြူရေးအစာစပ်စက်ရုံ၊ ဘောလုံကွင်းနှင့် ပွဲကြည့်စင်၊ မိုးလုံလေလုံ အားကစားရုံခန်းမတွင် ဝန်ကြီးဌာနပေါင်းစုံ ဘော်လီဘောပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် ကျောင်းသူများ လေ့ကျင့်နေမှု၊ ဥစားကြက်၊ အသားစားကြက်၊ ဝက်မွေးမြူရေးနှင့် ငါးခူမွေးမြူရေး ဆောင်ရွက်ထားရှိမှုများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ မှာကြားဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပါသည်။
ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့သည် သင်တန်းဆင်း ကျောင်းသား၊ ကျောင်းသူများအား ဘွဲ့နှင်းသဘင်ခန်းမ၌ ဂုဏ်ပြုညစာဖြင့် တည်ခင်းဧည့်ခံခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများ၏ ဖျော်ဖြေရေးအစီအစဉ်များကို ကြည့်ရှုအားပေး၍ ဂုဏ်ပြုပန်းခြင်းနှင့် ဂုဏ်ပြုဆုငွေများ ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။