နိုင်ငံတစ်နိုင်ငံ၏ ယင်းနိုင်ငံအတွင်းရှိ ဒေသတစ်ခုချင်းစီ၏ဖွံ့ဖြိုးမှုကို ဦးစွာလေ့လာရမည်ဖြစ်ပါသည်။ ဒေသတစ်ခု၊ မြို့နယ်တစ်ခု၏ ဖွံ့ဖြိုးတိုးတက်ရေးမှာလည်း ထိုဒေသ၏ တည်ငြိမ်အေးချမ်းရေး၊ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လမ်းပန်းဆက်သွယ်ရေးတို့အပေါ် မှီခို နေပြန်၏။ မိမိသည် နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေ၊ နယ်စပ်ဒေသများဖွံ့ဖြိုးတိုးတက်ရေး၊ နယ်စပ်ဒေသတွင်နေထိုင်သေ ပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေး၊ “နယ်စပ် ဒေသ တိုင်းရင်းသားလူမျိုးများ၏ လူ့စွမ်းအားအရင်းမြစ်ဖွံ့ဖြိုးစေရေး”ဟူသော မူဝါဒ ၄ ရပ်ကို အကောင်အထည်ဖော် ဆောင်ရွက်နေသည့် နယ်စပ်ရေးရာဝန်ကြီးဌာန၏ ကွပ်ကဲမှုအောက်ရှိ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာနမှ ဝန်ထမ်းတစ်ဦးဖြစ်ပေသည်။ ရခိုင်ပြည်နယ်မှ ကချင် ပြည်နယ်သို့ ပြောင်းရွှေ့တာဝန်ထမ်းဆောင်ရန် မြစ်ကြီးနားမြို့သို့ရောက်ရှိပြီး တစ်ပတ်မျှပင် မပြည့်မီ ၁၅-၁၂-၂၀၂၀ နေ့တွင်ကျရောက်သည့် “နာဂရိုးရာနှစ်သစ်ကူးပွဲတော်” အတွက် နန်းယွန်းမြို့သို့ခရီးထွက်ခွာရန် ဌာနမှတာဝန်ပေးအပ်ခြင်းခံခဲ့ရပါသည်။ အမှန်စင်စစ် နန်းယွန်းမြို့ မှာ စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင်ပါဝင်သော မြို့ဖြစ်၏။
နန်းယွန်းမြို့သမိုင်းအကျဉ်း
ခရီးထွက်ခွာခြင်းမပြုမီ ဒေသဆိုင်ရာ အချက်အလက်များအား ကြိုတင်လေ့လာခဲ့မှုအရ ရှေး ယခင်က နာဂတောင်တန်းတစ်ခုလုံးမှာ လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှုကြောင့် ခေတ်အဆက်ဆက် မည်သည့်အဖွဲ့အစည်းမျှ အုပ်ချုပ်မခံရဘဲရှိခဲ့ကြောင်း သိရှိရပါသည်။ မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီး နောက်ပိုင်းတွင် နန်းယွန်းမြို့နယ်ခွဲနှင့် ပန်ဆောင်မြို့နယ်ခွဲအား ကချင်ပြည်နယ် ၊ ကာမိုင်းမြို့နယ် အတွင်း ထည့်သွင်းအုပ်ချုပ်ခဲ့ကြောင်း၊ လမ်းခရီးလုံခြုံရေးအရ နာဂအကြီး အကဲ များ၏ တောင်းဆို မှုဖြင့် ၁၉၅၅ ခုနှစ် အောက်တိုဘာလ ၃၀ ရက်နေ့တွင် စစ်ကိုင်းတိုင်း၊ ခန္တီးခရိုင်တွင် ထည့်သွင်း ဖွဲ့စည်းခဲ့ကြောင်း သိရှိရပါသည်။ ထို့နောက် ဒုံဟီးမြို့နယ်ခွဲကိုပါ ထည့်သွင်းခဲ့ပါသည်။ နာမည် ကျော် လီဒိုလမ်းမကြီးပေါ်တွင်တည်ရှိပြီး လမ်းပန်းဆက်သွယ်ရေး ပိုမိုကောင်းမွန်သော နန်းယွန်း မြို့အား မြို့နယ်ရုံးစိုက်ရာမြို့အဖြစ် ၁၉၈၆ ခုနှစ်တွင် တရားဝင်သတ်မှတ်ပေးခဲ့သည်ဟု မှတ်သား ရပါသည်။
နန်းယွန်းမြို့သည် ခန္တီးမြို့မှ ၁၅၂ မိုင်၊ လဟယ်မြို့မှ ၁၀၁ မိုင်ခန့်အကွာတွင် တည်ရှိသော မြို့တစ်မြို့ဖြစ်ပြီး အဆိုပါလမ်းမှာ မော်တော်ယာဉ်များ ရာသီမရွေး သွားလာနိုင်သည့်အနေအထား မရှိသေး။ ကချင်ပြည်နယ်ဘက်မှ တိုင်းတာလျှင် တနိုင်းမြို့နယ်၊ ရှင်ဗွေယန် မြို့နှင့် မိုင် ၃၀ ခန့်အကွာ ပင်လယ်ရေမျက်နှာပြင်အထက် ၁၁၀၀ ပေတွင်တည်ရှိသည်။ နန်းယွန်းမြို့နယ် အတွင်းရှိ ပန်ဆောင်မြို့မှာ လီဒိုလမ်းမကြီးပေါ်ရှိ မြန်မာ-အိန္ဒိယ နယ်စပ်မှတ်တိုင်အမှတ် BP-173 နှင့် နီးကပ်စွာတည်ရှိ နေသည့်မြို့ငယ်ဖြစ်ပေ၏။
လီဒိုလမ်းမကြီးပေါ်ဝယ်
မြစ်ကြီးနား-နန်းယွန်းမှာ ၁၈၃ မိုင်ခန့် ခရီးကွာဝေး၏။ နှင်းမှုန်တွေပိတ်ပိတ်ပိန်းနေသော ဇန်နဝါရီလ ၇ ရက် နံနက် ၇ နာရီခန့်တွင် မြစ်ကြီးနားမှ စတင်ထွက်ခွာခဲ့ပါသည်။ စီးနင်းလိုက်ပါ လာသောကားမှာ မြစ်ကြီးနားမြို့နယ်မှသည် မိုးကောင်းမြို့နယ် နမ္မတီးမြို့ကို ဖြတ်၍ ဖားကန့်မြို့နယ်ကျေးရွာများကို ဖြတ်သန်းခဲ့ရာ လဝါးကျေးရွာအထိကတ္တရာလမ်းမှာ ငြိမ့်ညောင်းစွာ ဖြင့်ပင်ရှိခဲ့သည်။ ယင်းနောက်တွင်ကား မာကြောကြမ်းတမ်းလွန်းလှသော ကျောက်ချောလမ်းမ ကြီးနှင့် စတင်မိတ်ဆက်ရပါတော့၏။ အဆိုပါလမ်းသည်ကား ဒုတိယကမ္ဘာစစ်ကြီးကာလက အိန္ဒိယနိုင်ငံနှင့် တရုတ်နိုင်ငံကိုဆက်သွယ်ရန် ဖောက်လုပ်ခဲ့သည့်သမိုင်းဝင် (LEDO or STILLWELL ROAD) လီဒိုလမ်းမကြီး (ခေါ်) စတီးဝဲလ်လမ်းမကြီးပင် ဖြစ်ချေ၏။
သာမန်မြေပြန့်ဒေသအတွက် မိုင် ၁၈၀ ကျော်မှာ ပြောပလောက်သော ခရီးအကွာအဝေး မဟုတ်သော်လည်း လီဒိုလမ်းမကြီးအတွက်မူ မြစ်ကြီးနား-ရှင်ဗွေယန် မိုင် ၁၅၀ ကျော်ကိုပင် ၉ နာရီဝန်းကျင်မျှ ကားစီးနင်းခဲ့ရပါသည်။ စစ်လက်ကျန်လေယာဉ်ကွင်းဟောင်းရှိနေသည့် ရှင်ဗွေယန်မြို့သို့ ညနေ ၄ နာရီ ခန့်တွင် ရောက်ရှိခဲ့တော့သည်။ လက်ကျန်ခရီးမှာ မိုင် ၃၀ ကျော် ခန့်။ သို့ရာတွင် မိမိလိုက်ပါ စီးနင်းလာသည့်ကားမှာ ရှင်ဗွေယန်မြို့တွင်သာ ဂိတ်ဆုံးဖြစ်သဖြင့် နန်းယွန်းမြို့သို့ ဆက်လက်ထွက်ခွာရန် ကားပြောင်းစီးရပါအုံးမည်။ ယနေ့အဖို့ ခရီးဆက်ရန် ကားမရှိတော့သည့်အတွက် ညအိပ်စောင့်ဆိုင်းရပေမည်။ မိုင် ၃၀ ခန့်ခရီးအား အချိန်ရှိနေလျက် နှင့် ညအိပ်ရမည်ဟူသောစကားကို မအံ့ဩပဲမနေနိုင် ဖြစ်မိပေတော့သည်။ ရှင်ဗွေယန်မြို့ လေး ကား မှိုင်းညို့နေသော သစ်ပင်တို့ဖြင့် တန်ဆာဆင်ထားသည့် တောင်တန်း တွေအထပ်ထပ်နဲ့ ကြားမှာ တိတ်ဆိတ်ငြိမ်သက်နေပေသည်။
နောက်နေ့နံနက် ၆ နာရီခန့်တွင် နန်းယွန်းမြို့ကို ဆက်လက်ထွက်ခွာမည့် ကားသည် မိမိတည်းခိုရာနေရာသို့ ရောက်ရှိလာခဲ့သည်။ ကားအမျိုးအစားမှာ TOYOTA SURF ဖြစ်၏။ ထူးခြားသည်က ကား၏ကိုယ်ထည်နှင့် ဘီးအကွာအဝေး။ ကုန်ပစ္စည်းနှင့် ခရီးသည်များတင်ပြီး ချိန်တွင်ပင် ၁ ပေ ကျော်ခန့် ကွာဟနေသေး၏။ ရှင်ဗွေယန်မြို့က စတင်ထွက်ခွာပြီး ၁၀ မိနစ်ခန့် တွင်တောင်တက်လမ်းကို စတင်တော့သည်။ တောင်များသည်မြင့်၏။ မတ်စောက်၏။ အတက် ကြမ်းသကဲ့သို့ အဆင်းလည်းကြမ်း၏။ အကွေ့အကောက်များ၏။ တံတားတိုလေးများမှအပ ကတ္တရာ၊ ကွန်ကရစ်စိုးစိမျှမရှိ။ လမ်း၏တစ်ဖက်တချက်မှ သစ်ပင်ကြီးများကြောင့် နေရောင်မကျ။
နေကိုမမြင်တွေ့နိုင်။ လှိုဏ်ဂူကြီးထဲဖြတ်သန်းနေသကဲ့သို့ရှိချေ၏။ တောင်မြင့်မားသော်လည်း ကားလမ်းတလျှောက် ရွှံဗွက်များအိုင်ထွန်းနေသဖြင့် ကျောက်လုံးကြီးများနှင့် ရွှံ့နွံဗွက်အိုင်များ အကြား အန္တရာယ်ကင်းအောင် မောင်းနှင်နေသော ကားသမားအပေါ် လေးစားကိုယ်ချင်းစာမိ စိတ်များ ပို၍ပို၍ ဖြစ်ပေါ်လာရ၏။ ခရီးကြမ်းကို ဖြတ်သန်းရင်းဖြင့် မိမိစီးနင်းလိုက် ပါလာသော ကားသည် နံနက် ၁၀ နာရီ ဝန်းကျင်ခန့်တွင် နာဂရိုးရာနှစ်သစ်ကူးပွဲတော်ကျင်းပမည့် နန်းယွန်းမြို့ သို့ ရောက်ရှိခဲ့ပေသည်။
လူတစ်ဦး၏ သာမန်လမ်းလျှောက်နှုန်းသည် ၁ နာရီလျှင် ၃ မိုင်ခန့်ဖြစ်ပြီး၊ ရှင်ဗွေယန်-နန်းယွန်းသွား ကား၏ မိုင် ၃၀ ခရီးမောင်းနှင်ချိန်သည် ၄ နာရီဝန်းကျင်ခန့်ရှိသည်ဆိုလျှင် စာဖတ် သူတို့ ယုံချင်မှယုံပေလိမ့်မည်။ မိမိလည်း ဤခရီးကြောင့်သာလျှင် ဤအတွေ့အကြုံကို ကိုယ်တိုင် လက်ခံရခြင်းဖြစ်ပေသည်။ ဤသည်ကား မြစ်ကြီးနား-နန်းယွန်းခရီး၊ လီဒိုလမ်းမကြီး၏ အတွေ့အကြုံသစ်ပေတည်း။
ယခုအခါ နိုင်ငံတော်မှ နန်းယွန်းမြို့၏ ဆက်သွယ်ရေးဝင်ပေါက်များဖြစ်သော မြစ်ကြီးနား -တနိုင်း-ရှင်ဗွေယန်-နန်းယွန်း (လီဒိုလမ်းမကြီး) အဆင့်မြှင့်တင်ခြင်းလုပ်ငန်း၊ ခန္တီး-လဟယ်-ဒုံးဟီး-နန်းယွန်း လမ်းပိုင်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်း၊ အိန္ဒိယနယ်စပ်-ပန်ဆောင်-နန်းယွန်း (လီဒိုလမ်းမကြီး) အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများအား ဦးစားပေးဆောင်ရွက်လျက်ရှိပါသည်။ လမ်းပန်းဆက်သွယ်ရေးအရ ကန့်သတ်ချက်အနည်းငယ်ရှိနေသော နန်းယွန်းမြို့သွားလမ်းပေါ်တွင် တည်ဆောက်ပေးထားသည့် တံတားကြီးငယ်များကြောင့် ခရီးလမ်းချောမွေ့၍ကုန်စည်စီးဆင်းမှုများ အဆင်ပြေလာတော့မည် ဖြစ်ပေသည်။ ယခုကဲ့သို့လမ်းပန်းဆက်သွယ်ရေးများ ကောင်းမွန်လာ မှုကြောင့် ယခင်က မြစ်ကြီးနားမှ နန်းယွန်းသို့ တစ်ညအိပ် ၂ ရက်သွားခဲ့ရသောခရီးမှာ ယခုအခါ ၉ နာရီခန့်ဖြင့် နေချင်းပေါက်ခရီးရောက်ခဲ့ပေပြီ။
နာဂရိုးရာနှစ်သစ်ကူးပွဲတော်
မိမိတက်ရောက်ရမည့် နာဂပွဲတော်နှင့်ပတ်သက်၍ စူးစမ်းကြည့်ခဲ့ရာ ရှေးယခင်က နာဂ တိုင်းရင်းသားများသည်မိမိတို့ကောက်ပဲသီးနှံများရိတ်သိမ်းပြီးချိန်တွင် ရိုးရာပွဲအား “ကောက်သစ် စားပွဲ” အသွင်ဖြင့် မျိုးနွယ်စုများအလိုက်၊ ကျေးရွာအလိုက်၊ နေရာဒေသ များအလိုက် အဆင်ပြေသလို သီးခြားစီဆင်နွှဲခဲ့ကြကြောင်း သိရှိရ၏။ ၁၉၅၇ ခုနှစ်မှ စတင်ကာ မြို့နယ်အဆင့် ကျင်းပခဲ့ကြပြီး ၁၉၉၀ ခုနှစ်ရောက်သောအခါ မြို့နယ်ပေါင်းစုံမှ နာဂမျိုးနွယ်စု အကြီးအကဲများ ညှိနှိုင်းမှုဖြင့် ဇန်နဝါရီလ ၁၅ ရက်နေ့အား “နာဂရိုးရာနှစ်သစ်ကူးပွဲတော်နေ့” အဖြစ် သတ်မှတ် ကျင်းပခဲ့ကြောင်းနှင့် ၁၉၉၃ ခုနှစ်မှစတင်ကာ နိုင်ငံတော်အစိုးရ၏ပံ့ပိုးမှုဖြင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ လဟယ်မြို့၊ လေရှီးမြို့နှင့် နန်းယွန်းမြို့တို့တွင် အလှည့်ကျ ကျင်းပခဲ့ကြောင်း လေ့လာ သိရှိရပါသည်။
ပွဲတော်နေ့တွင် နှစ်သစ်ကူးအထိမ်းအမှတ်တံခွန်တိုင် စိုက်ထူကြ၏။ နာဂတိုင်းရင်းသား များစွာက “ဝါး” ဆည်းလည်းရာပေါင်းများစွာ ဆင်ယင်ထားတဲ့ ဝါးပိုးတိုင်ကြီးကို မြေ၌စိုက်ထူကြ သည့်အခါ အချင်းချင်းထိခတ်မှုဖြစ်ပြီး ဂီတသံဖြစ်ပေါ်လာ၏။ ပွဲတော်အောင်မြင်စေကြောင်း ချီးကျူးသည့် တေးသံသဖွယ်ဖြစ်ပေ၏။ မြန်မာပြည်တလွှား အေးချမ်းသာယာစည်ပင်စေဖို့ ဆုမွန်ကောင်းတောင်းသည့် တေးသံသဖွယ်လည်း ဖြစ်ပေ၏။ နာဂရိုးရာဝတ်စုံကိုယ်စီနှင့် အမျိုးသား ၊ အမျိုးသမီးတို့က ရိုးရာအကများဖြင့် ဖျော်ဖြေကြလေ၏။ ကြည်နူးဖွယ်ကောင်းလေစွ။
ဌာနေတိုင်းရင်းသားများ၏ ရိုးရာဓလေ့ထုံးစံများအား အလေးထားသည့်အနေဖြင့် နှစ်စဉ် နာဂရိုးရာနှစ်သစ်ကူးပွဲတော်ကာလရောက်တိုင်း ဒေသတွင်းအကြီးအကဲများ၊ ပြည်ထောင်စု အဆင့်အကြီးအကဲများ၊ နိုင်ငံတော်အကြီးအကဲများပါ တက်ရောက်ချီးမြှင့်ပေးလျက်ရှိသည့် ပွဲတော်ဖြစ်ပါသည်။ နိုင်ငံခြားသား ခရီးသွားများသည်လည်း စိတ်ပါဝင်စားစွာဖြင့် လာရောက် လေ့လာမှတ်တမ်းယူနေကြသည်ကိုလည်း မျက်ဝါးထင်ထင်တွေ့မြင်ခဲ့ရပါသည်။
လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေးဆောင်ရွက်ချက်များ
ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာနအနေဖြင့်“နယ်စပ်ဒေသရှိတိုင်းရင်းသား လူငယ်များအား အခြေခံ၊ အဆင့်မြင့်ပညာရပ်များ သင်ကြားလေ့ကျင့်ပေးပြီး နယ်စပ်ဒေသ၏ လူ့စွမ်းအားအရင်း အမြစ်များ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရန်၊ နယ်စပ်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းနှင့် ဆင်းရဲနွမ်းပါးမှုလျော့ချရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ရန်”၊“နယ်စပ်ဒေသမှ အမျိုးသမီးငယ်များအား အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းများ သင်ကြားလေ့ကျင့်ပေးပြီး ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းများ ထူထောင်နိုင်သည်အထိ ကူညီဆောင်ရွက်ပေးရန်” ဟူသော ရည်ရွယ်ချက် ၂ ရပ်နှင့်အညီ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့တွင် နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း ၁ ကျောင်းနှင့် အမျိုးသမီးအိမ်တွင်းမှု သက်မွေး လုပ်ငန်းပညာသင်တန်းကျောင်း ၁ ကျောင်းအား ဖွင့်လှစ်ထားရှိပါသည်။
နန်းယွန်းမြို့တွင် နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းအား ၁-၆-၂၀၁၄ ခုနှစ်တွင် စတင်ဖွင့်လှစ်ပေးခဲ့ပြီး ဒေသတွင်း မိဘမဲ့၊ မိမဲ့၊ ဖမဲ့၊ ဆင်းရဲနွမ်းပါး၍ ပညာသင်ကြားရန်အခက်အခဲရှိနေသူ ကျောင်းသား၊ ကျောင်းသူ များအား သင်တန်းကျောင်း ဝင်ဆံ့အင်အားအပေါ်မူတည်၍ လက်ခံပြုစုလေ့ကျင့် ပညာသင်ကြားပေးလျက်ရှိပေသည်။ ၂၀၁၆-၂၀၁၇ မှ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်အထိ တက္ကသိုလ်ဝင်တန်း အောင်မြင်မှု ၂၇.၂၁% ရှိပါသည်။
အောင်မြင်ပြီးသူ ဒေသခံတိုင်းရင်းသားမျိုးဆက်သစ် ၃၇ ဦးမှာ မိမိတို့ဌာနမှဖွင့်လှစ်ထားသော ဖွံ့ဖြိုးရေးတက္ကသိုလ်နှင့် ဒီဂရီကောလိပ်များတွင် အဆင့်မြင့်ပညာရပ်များ ဆက်လက်သင်ကြား နေပြီ ဖြစ်ပေသည်။ ဒေသတွင်း တိုင်းရင်းသားများ၏ ပြောကြားချက်များအရ ဤဒေသ၌အဆိုပါ သင်တန်းကျောင်း မဖွင့်လှစ်မီက ကလေးသူငယ်များ၏ ပညာသင်ကြားရေးမှာ အလွန်အခက်အခဲ ရှိခဲ့ပြီး၊ အနီးဆုံးဖြစ်သည့် လဟယ်မြို့ နှင့် မြစ်ကြီးနားမြို့တို့ရှိ သင်တန်းကျောင်းများသို့ ပို့ဆောင် အပ်နှံရကြောင်း၊ ကျောင်းသားတစ်ဦးအတွက် သွား/ပြန်ခရီးစရိတ် သက်သက်ပင် ၂ သိန်းခန့် ကုန်ကျသဖြင့် ပညာသင်ကြားမှုအား လက်လျော့ခဲ့ရသူများပြားကြောင်း သိရှိရပါသည်။
၁-၆-၂၀၁၅ ရက်နေ့တွင် ခန္တီးခရိုင်ဦးစီးမှူးရုံးအား ဖွင့်လှစ်ပေးခဲ့ပါသည်။ ဒေသခံ အမျိုးသမီးငယ်များအတွက် အမျိုးသမီးအိမ်တွင်းမှုသက်မွေး လုပ်ငန်းပညာသင်တန်းကျောင်း ၁ ကျောင်းကိုလည်း ၂၆-၁၂-၂၀၀၅ ရက်နေ့မှ စတင်ဖွင့်လှစ်ထားရှိပါသည်။ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အထိ အခြေခံအိမ်တွင်းမှုသင်တန်း ၄၀ ကြိမ်၊ အဆင့်မြင့်စက်ချုပ် သင်တန်း ၃၅ ကြိမ်၊ ကြိမ်/ဝါးသင်တန်း ၁ ကြိမ်၊ သိုးမွေးစက်ဆွဲသင်တန်း ၃ ကြိမ်၊ ရိုးရာဂျပ်ခုတ်သင်တန်း ၁၀ ကြိမ်၊ အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်း ၂ ကြိမ် ဖွင့်လှစ်ကာ သင်တန်းသူစုစုပေါင်း ၁၃၆၆ ဦး အား သင်ကြားပေးနိုင်ခဲ့ပြီးဖြစ်ပါသည်။
သင်တန်းဆင်းများအနက် စက်ချုပ်လုပ်ငန်းဖြင့် အသက်မွေးဝမ်းကြောင်းပြုလျက်ရှိသူ ၄၀၈ ဦး၊ ရိုးရာဂျပ်ခုတ်လုပ်ကိုင်သူ ၅၂ ဦး၊ ဌာနဝန်ထမ်း ၁ ဦးနှင့် အထည်ချုပ်စက်ရုံများတွင် ဝင်ရောက်လုပ်ကိုင်နေသူ ၃၆ ဦး ရှိသည့်အတွက် ဒေသတွင်းတိုင်းရင်းသူ အမျိုးသမီးငယ် ၄၉၇ ဦး မှာ မိမိတို့ကိုယ်တိုင် သင်ယူတတ်မြောက်ထားသော အတတ်ပညာဖြင့် အလုပ်အကိုင် အခွင့် အလမ်းများ လမ်းပွင့်ပြီး ကိုယ်ပိုင်ဝင်ငွေရရှိကာ သက်မွေးဝမ်းကျောင်းပြုနိုင်ပြီဖြစ်ပါသည်။ ကျန်ရှိ နေသေးသော သင်တန်းသူများ၏ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိရေးကိုလည်း ဆက်လက် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရပါသည်။
ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ပေး
ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာနမှ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေးလုပ်ငန်းများအား စေတနာအပြည့်ဖြင့် ဆောင်ရွက်ပေးသကဲ့သို့ နယ်စပ်ဒေသတွင်နေထိုင်ကြသော တိုင်းရင်းသား ပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် လမ်း၊ တံတားလုပ်ငန်းများ အပါအဝင် အခြားသော ပညာရေး၊ ကျန်းမာရေး၊ သာသနာရေး အစရှိသည်တို့ကို အဓိကအားဖြည့် ဆောင် ရွက်ရန် အတွက် “နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန” မှလည်း နန်းယွန်းမြို့နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးအား ဖွင့်လှစ်ထားပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိပါသည်။
နိုင်ငံတော်အစိုးရသည် နိုင်ငံတော်တစ်ခုလုံးအား ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက် လျက်ရှိရာ နန်းယွန်းမြို့နယ်အပါအဝင် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တစ်ခုလုံး၏ လူမှုစီးပွား ဘဝဖွံ့ဖြိုးတိုးတက်ရေး၊ ပညာရည်မြင့်မားရေး၊ ကျန်းမာရေး စောင့်ရှောက်မှု အပြည့်အဝရရှိရေး တို့ကိုလည်း အလေးထားဆောင်ရွက်လျက်ရှိပေသည်။ ဌာနေတိုင်းရင်းသားများ၏ အခြေခံ လိုအပ်ချက်များအား ဖြည့်ဆည်းပေးနိုင်ရေးအတွက် ပြည်ထောင်စုဝန်ကြီးဌာနများကလည်း နှစ်အလိုက်ရန်ပုံငွေများချမှတ်ကာ ကဏ္ဍပေါင်းစုံ ဟန်ချက်ညီညီတိုးတက်အောင် ဆောင်ရွက်ပေး နေပြီဖြစ်ပေသည်။
ဤသို့ဖြင့် ယခင့်ယခင်က လမ်းပမ်းဆက်သွယ်ရေးအခက်အခဲ၊ ပညာရေး၊ ကျန်းမာရေး အစရှိသော လူမှုစီးပွားဘဝအခက်အခဲပေါင်းများစွာဖြင့် ဖြတ်သန်းရင်ဆိုင်ခဲ့ရသော နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ “နန်းယွန်းမြို့”သည် “ဖူးငုံသစ်ဆန်းပွင့်လန်းဝေဆာ” ဟူသော ဆောင်းပါး ခေါင်းစီးပါအတိုင်း များမကြာမီအချိန်တွင် ပို၍ ပို၍ ဖွံ့ဖြိုးစည်ပင်တိုးတက်လာကာ ထူးချွန် ထက်မြက်သော နိုင်ငံ့သားကောင်း၊ သမီးကောင်းရတနာများပေါ်ထွန်းရာ မြို့နယ်တစ်ခုအဖြစ် ရပ်တည်နိုင်တော့ မည်ဟု ယုံကြည်မှုအပြည့်ဖြင့် တင်ပြလိုက်ရပါသည်။
ထွန်းထွန်း (ပညာ/လေ့ကျင့်)