နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ သောက်သုံးရေရှားပါးသည့် မြို့နယ်၊ ရပ်ကွက် ကျေးရွာများသို့ သောက်သုံးရေဖြန့်ဝေလှူဒါန်း

နေပြည်တော် မေ ၂၂

နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် နေပြည်တော်ကောင်စီ နယ်မြေအတွင်း နှစ်စဉ် နွေရာသီကာလတွင် သောက်သုံးရေ ရှားပါးမှု ကြုံတွေ့လျက်ရှိသော မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာ များရှိ ပြည်သူများထံသို့ သန့်ရှင်းသော သောက်သုံးရေ ဖူလုံစွာသုံးစွဲနိုင်ရေးအတွက် ရေသယ်ယာဉ်ဖြင့် ဖြန့်ဝေ လှူဒါန်းမှုများ ဆောင်ရွက်လျက်ရှိရာ ယမန်နေ့က နယ်စပ် ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနမှ တာဝန်ရှိသူများနှင့် သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးများ ဦးဆောင်၍ ပျဉ်းမနားမြို့နယ် ဇီးရိုင်းကျေးရွာသို့ ရေဂါလန် ၄၀၀၀ နှင့် ကံဦးကျေးရွာသို့ ရေဂါလန် ၂၀၀၀ စုစုပေါင်း ရေဂါလန် ၆၀၀၀ ကို အိမ်ထောင်စုအလိုက် သန့်ရှင်းသော သောက်သုံးရေ ဖူလုံစွာသုံးစွဲနိုင်ရေးအတွက် ရေသယ်ယာဉ် ဖြင့် သယ်‌ဆောင်၍ လှူဒါန်း‌ပေးခဲ့သည်။

ယခုနွေရာသီတွင် သောက်သုံးရေရှားပါးသောနေရာများသို့ ရေလှူဒါန်းဆောင်ရွက်လျက်ရှိရာ ဧပြီ ၂ ရက်မှ ယနေ့အထိ ပျဉ်းမနားမြို့နယ် တောင်သာကျေးရွာအုပ်စု (၁)သို့ ရေဂါလန် ၄၀၀၀၀၊ တောင်သာကျေးရွာ အုပ်စု(၂)သို့ ရေဂါလန် ၁၂၀၀၀၊ ဂတိုးဆိပ်ကျေးရွာအုပ်စုသို့ ရေဂါလန် ၅၀၀၀၀၊ ဇေယျာသီရိမြို့နယ် ခေတ်အေးကျေးရွာအုပ်စုသို့ ရေဂါလန် ၃၈၀၀၀၊ ပုဗ္ဗသီရိမြို့နယ် ဖြုတ်ခွဲကျေးရွာအုပ်စုသို့ ရေဂါလန် ၅၈၀၀၀ စုစုပေါင်း ရေဂါလန် ၁၉၈၀၀၀ အား ရေသယ်ယာဉ်ဖြင့် သယ်ဆောင်၍ စနစ်တကျ ခွဲဝေလှူဒါန်း ပေးလျက်ရှိပြီး နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာများသို့ မိုးမကျမီကာလအထိ သန့်ရှင်းသော သောက်သုံးရေများ အလှည့်ကျဖြန့်ဝေ လှူဒါန်းပေးသွားမည်ဟု သိရသည်။

နိုင်လင်းကြည်