နယ်စပ်ရေးရာဝန်ကြီးဌာန ဗဟိုလေ့ကျင့်ရေးကျောင်း၌ ဝန်ထမ်းများလုပ်ငန်းစွမ်းဆောင်ရည် မြှင့်တင်ရေးသင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ

စက်တင်ဘာ လ  ၁၄ ရက်
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ ဗဟိုလေ့ကျင့်ရေးကျောင်းတွင် ဝန်ထမ်းများလုပ်ငန်းစွမ်းဆောင်ရည် မြှင့်တင်ရေးသင်တန်းဖြစ်သော စာရေးဝန်ထမ်းသင်တန်းအမှတ်စဉ်(၁၁၅) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အဆိုပါသင်တန်းကျောင်းခန်းမ၌ကျင်းပပြုလုပ်ခဲ့ရာ ပြည်ထောင်စုတိုင်းရင်းသား လူငယ်များစွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်(ရန်ကုန်) ကျောင်းအုပ်ကြီး ဦးထိန်လင်း တက်ရောက်၍ သင်တန်းဖွင့် အမှာစကားပြောကြားခဲ့ပါသည်။ အဆိုပါသင်တန်းဖွင့်ပွဲအခမ်းအနားသို့ ဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ပါသည်။

နယ်စပ်ရေးရာဝန်ကြီးဌာနကွပ်ကဲမှုအောက်ရှိ အမှုထမ်းဝန်ထမ်းများအား အရည်အသွေး ထက်မြက်ပြီး အတွေးအခေါ် မှန်ကန်မြင့်မားလာစေရန်၊ မိမိရာထူးအဆင့်နှင့်အညီ လုပ်ငန်းတာဝန်များကို ကျွမ်းကျင်ပိုင်နိုင်စွာ ဆောင်ရွက်နိုင်ရုံသာမက ဆင်ခြင်တုံတရားပြည့်ဝသော ဝန်ထမ်းကောင်းများ ဖြစ်လာစေရန်၊ သင်ကြားတတ်မြောက်ထားသော အတတ်ပညာများကို လက်တွေ့နယ်ပယ်တွင် အကျိုးရှိစွာ အသုံးချနိုင်စေရန်၊ ဝန်ကြီးဌာနမှအားကိုးရသော ဝန်ထမ်းကောင်းများ ဖြစ်လာစေရန် ရည်ရွယ်ပြီးအဆိုပါသင်တန်းကို ၁၄-၉-၂ဝ၂၆ ရက်နေ့မှ ၂၀-၁၁-၂ဝ၂၆ ရက်နေ့ထိ ရက်သတ္တ ၁၀ ပတ်ကြာ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။