အောက်တိုဘာလ ၂၈ ရက်
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်သည် နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ကျော်စွာဦး၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် မိတ္ထီလာခရိုင်၊ ကန်နီကျေးရွာအုပ်စု၊ ညောင်ကုန်း(အရှေ့)ကျေးရွာ၌ နယ်စပ်ရေးရာဝန်ကြီးဌာနက ဆောင်ရွက်လျက်ရှိသည့် ဆိုလာစနစ်ဖြင့် စိုက်ပျိုးရေတင်ခြင်း လုပ်ငန်းသို့ ရောက်ရှိခဲ့ရာ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေများအား ရှင်းလင်းတင်ပြမှုအပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ မှာကြားခဲ့ပြီး ဒေသခံတောင်သူများအား ရာသီသီးနှံ မျိုးစေ့များ လက်ဝယ်အရောက်ပေးအပ်ခဲ့ပါသည်။
ထို့နောက် ဒေသခံတိုင်းရင်းသားများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးအတွက် လိုအပ်ချက်ရှိသည်များ တင်ပြမှုအပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး ဆိုလာရေတင်စနစ်ဖြင့် စိုက်ပျိုးရေ ပေးဝေနေမှု အခြေအနေအား ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်၊ ကန်ဆွယ်ကျေးရွာအုပ်စု၊ မြသုခကျေးရွာအနီး အနောက်ပြက္ခရွေ့ တောင်ပေါ်ရှိ စွယ်တော်မြတ်စေတီသို့ ဖောက်လုပ်ထားရှိသည့် တောင်တက်မြေသားလမ်း ၄ မိုင် ဖောက်လုပ်ပြီးစီးမှု လုပ်ငန်းခွင်သို့ ရောက်ရှိခဲ့ရာ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်ပြီးစီးမှုနှင့် ဆောင်ရွက်ဆဲလုပ်ငန်း အခြေအနေများအား ရှင်းလင်းတင်ပြမှုအပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ မှာကြားခဲ့ပြီး ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စုရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် ကွန်ကရစ်လမ်း၊ Box Culvert၊ ကျောက်စီရေမြောင်း၊ ကွန်ကရစ်ရေကျော်၊ ကွန်ကရစ်မြေထိန်းနံရံ လုပ်ငန်းများအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။