၂၀၂၄ ခုနှစ် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဝန်ကြီးဌာနပေါင်းစုံ အသက် ၂၅ နှစ်အောက် ဘောလုံး(အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲ ပွဲစဉ်များ ဆက်လက်ကျင်းပ

နေပြည်တော်  ဒီဇင်ဘာ  ၁၉
        National Fitness ဖြစ်သည့် တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးအတွက် အထောက် အကူဖြစ်စေရေး၊  ဝန်ကြီးဌာန အသီးသီးမှ  ဝန်ထမ်းများအား ပျော်ပျော်ရွှင်ရွှင် စည်းစည်းလုံးလုံးဖြင့် ချစ်ခင်ရင်းနှီးမှု ရရှိစေရေး၊ ဝန်ထမ်းများတက်ကြွရွှင်လန်းစွာ လုပ်ငန်းတာဝန်များကို ပိုမိုထမ်းရွက် နိုင်စေရေးတို့အတွက် ရည်ရွယ်၍ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနမှ ကြီးမှူးကျင်းပသည့်  ၂၀၂၄ ခုနှစ်  (၇၆)  နှစ်မြောက်  လွတ်လပ်ရေးနေ့အထိမ်းအမှတ်  ဝန်ကြီးဌာနပေါင်းစုံ အသက် ၂၅  နှစ်အောက် ဘောလုံး(အမျိုးသား/အမျိုးသမီး)  ပြိုင်ပွဲများကို နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်း လေ့ကျင့်ရေးကွင်းအမှတ်(၁)၊ ကွင်းအမှတ် (၃)နှင့် လယ်ဝေးအားကစားကွင်း(TC-2) တို့၌     ဆက်လက် ကျင်းပခဲ့သည်။
   ဝန်ကြီးဌာနပေါင်းစုံ  အသက်  ၂၅ နှစ်အောက် ဘောလုံး(အမျိုးသား) ပြိုင်ပွဲ ပထမအဆင့်  အုပ်စုပတ်လည်ပြိုင်ပွဲ ပွဲစဉ်များအဖြစ် ယနေ့နံနက်  ၇ နာရီခွဲတွင် ဝဏ္ဏသိဒ္ဓိအားကစားကွင်း လေ့ကျင့်ရေးကွင်းအမှတ် (၃)၌ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာနအသင်းနှင့် နယ်စပ်ရေးရာဝန်ကြီးဌာနအသင်းတို့  ယှဉ်ပြိုင်ကစားခဲ့ကြရာ  နယ်စပ်ရေးရာဝန်ကြီးဌာန အသင်းက သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာနအသင်းကို ၃ ဂိုး ဂိုးမရှိဖြင့် လည်းကောင်း၊ ညနေ ၃ နာရီတွင် လေ့ကျင့်ရေးကွင်းအမှတ်(၁)၌  လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာနအသင်းနှင့် ပြည်ထဲရေးဝန်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ ပြည်ထဲရေးဝန်ကြီးဌာနအသင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနအသင်းကို  ၄  ဂိုး  ၁  ဂိုးဖြင့် လည်းကောင်း၊ လေ့ကျင့်ရေးကွင်းအမှတ်(၃) ၌ ပညာရေးဝန်ကြီးဌာန အသင်းနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာနအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနအသင်းက  ပညာရေး ဝန်ကြီး ဌာနအသင်းကို  ၄ ဂိုး ဂိုးမရှိဖြင့် လည်းကောင်း  အသီးသီးယှဉ်ပြိုင် အနိုင်ရရှိခဲ့ကြသည်။
   ဝန်ကြီးဌာနပေါင်းစုံ အသက် ၂၅ နှစ်အောက် ဘောလုံး(အမျိုးသမီး)  ပြိုင်ပွဲ ပထမအဆင့်အုပ်စု ပတ်လည်ပြိုင်ပွဲ ပွဲစဉ်အဖြစ် ညနေ ၃ နာရီတွင် လယ်ဝေးကွင်း (TC-2) ၌ ဆောက်လုပ်ရေး ဝန်ကြီးဌာန အသင်းနှင့် ပြည်ထဲရေးဝန်ကြီးဌာန အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ ပြည်ထဲရေး ဝန်ကြီးဌာနအသင်းက ဆောက်လုပ်ရေး ဝန်ကြီးဌာနအသင်းကို ၄ ဂိုး ဂိုးမရှိဖြင့် ယှဉ်ပြိုင် အနိုင်ရရှိခဲ့သည်။

   အဆိုပါဝန်ကြီးဌာနပေါင်းစုံ  အသက်၂၅ နှစ်အောက် ဘောလုံး (အမျိုးသား/ အမျိုးသမီး)ပြိုင်ပွဲသို့ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဌာနဆိုင်ရာများမှ   တာဝန်ရှိပုဂ္ဂိုလ်များနှင့် ဝန်ထမ်းများ၊  မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ    တာဝန်ရှိသူများနှင့် ဘောလုံးအားကစား ဝါသနာရှင်များ လာရောက်ကြည့်ရှု အားပေးခဲ့ကြသည်။
   ဝန်ကြီးဌာနပေါင်းစုံ   အသက် ၂၅ နှစ်အောက် ဘောလုံး(အမျိုးသား) ပြိုင်ပွဲ ပထမအဆင့် အုပ်စုပတ်လည်ပြိုင်ပွဲ ပွဲစဉ်များအဖြစ် ဒီဇင်ဘာလ ၂၀ ရက် (ယနေ့) နံနက် ၇ နာရီခွဲတွင်  ဝဏ္ဏသိဒ္ဓိ အားကစားကွင်း  လေ့ကျင့်ရေးကွင်းအမှတ် (၃) ၌ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနအသင်းနှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနအသင်း၊ ညနေ ၃ နာရီတွင် လေ့ကျင့်ရေးကွင်း အမှတ်(၁)၌  စွမ်းအင်ဝန်ကြီးဌာနအသင်းနှင့်   ပြန်ကြားရေး ဝန်ကြီးဌာနအသင်း၊ လေ့ကျင့်ရေးကွင်း အမှတ်(၃)၌ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန အသင်းနှင့် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအသင်း၊ ဝန်ကြီးဌာနပေါင်းစုံ အသက် ၂၅ နှစ်အောက် ဘောလုံး (အမျိုးသမီး)ပြိုင်ပွဲ ပထမအဆင့် အုပ်စုပတ်လည်ပြိုင်ပွဲပွဲစဉ်အဖြစ် ညနေ ၃ နာရီတွင် နေပြည်တော် လယ်ဝေးကွင်း(TC -2)၌ နယ်စပ်ရေးရာဝန်ကြီးဌာနအသင်းနှင့်  ကာကွယ်ရေးဝန်ကြီးဌာနအသင်းတို့ ဆက်လက်ယှဉ်ပြိုင် ကစားသွားကြမည်ဖြစ်၍ အားကစားဝါသနာရှင် မိဘပြည်သူများ အနေဖြင့် မည်သူမဆို  အခမဲ့လာရောက် ကြည့်ရှုအားပေးနိုင်ကြောင်း သိရသည်။