မြိတ် မေ ၄
နယ်စပ်ရေးရာဝန်ကြီးဌာန ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန မြိတ်မြို့ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း၌ မေလ ၄ ရက်နံနက်ပိုင်းတွင် အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ် သင်တန်းအမှတ်စဉ်(၁၂) သင်တန်းဖွင့်ပွဲကျင်းပသည်။
သင်တန်းဖွင့်ပွဲတွင် မြိတ်ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးဦးက အဖွင့်အမှာ စကားပြောကြားသည်။ ထို့နောက်ခင်းကျင်းပြသထားသည့် သင်ထောက်ကူပစ္စည်းများကို တက်ရောက်လာကြသူများက ကြည့်ရှုအားပေးသည်။ သင်တန်းတက်ရောက်ကြသည့် သင်တန်းသူတစ်ဦးချင်းစီကို သင်တန်းကျောင်းမှ ပိတ်စ၊ သိုးမွေး၊ စီလွန်များ၊ လက်မှုဘာသာရပ်ပစ္စည်းများနှင့် သင်တန်းသုံးပစ္စည်း ၃၈ မျိုး၊ စားစရိတ်၊ ရိုးရာဝတ်စုံ၊ တူညီဝတ်စုံများနှင့် အသွားအပြန်ခရီးစရိတ်များကိုလည်း ပံ့ပိုးပေးထားသည်။
အဆိုပါသင်တန်းကို ရက်သတ္တ ၂၂ ပတ်ကြာ ဖွင့်လှစ်သွားမည်ဖြစ်ပြီး သင်တန်းကာလအတွင်း သင်တန်းသူများအား ကလေးဝတ်၊ အမျိုးသားဝတ်၊ အမျိုးသမီးခေတ်မီပုံဆန်း၊ ဂျပန်စင်တီမီတာနည်းဖြင့် သတို့သမီးဝတ်စုံချုပ်နည်းနှင့် ခေတ်ပေါ်ပုံဆန်းချုပ်နည်းများကို သင်တန်းကျောင်းရှိ အပ်ချုပ်စက်၊ ဘီတင်စက်၊ ဓားစက်၊ မော်တာအပ်ချုပ်စက်နှင့် ကွန်ပျူတာပန်းထိုးစက်များဖြင့် အခြေခံနှင့် အဆင့်မြင့် သင်ခန်းစာများကို သင်ကြားပေးမည်ဖြစ်သည်။
ထို့ပြင် အိမ်တွင်းမှုဘာသာရပ်များဖြစ်သည့် လက်မှုဘာသာရပ်များ၊ ဟင်းလျာချက်ပြုတ်နည်း ဘာသာရပ်နှင့် မုန့်လုပ်နည်းဘာသာရပ်များကို စာတွေ့လက်တွေ့သင်ကြားပေးမည်ဖြစ်သည်။ အဆိုပါ သင်တန်းသို့ မြိတ်မြို့နယ်မှ ၁၃ ဦး၊ ကျွန်းစုမြို့နယ်မှ ၃ ဦးနှင့် တနင်္သာရီမြို့နယ်မှ ၅ ဦး၊ ပလောက် မြို့နယ်မှ ၁ ဦးနှင့် ဘုတ်ပြင်းမြို့နယ်မှ ၃ ဦး စုစုပေါင်း သင်တန်းသူအမျိုးသမီးငယ် ၂၅ ဦး တက်ရောက်ကြောင်းသိရသည်။