အစိမ်းရောင်လွင်ပြင် ဗန်းမော်ရင်ခွင် (၂)

ယောယုံ
    စိန်လုံနှင့် ယောယုံသည် ၁၀ မိုင် ဝေးပါသည်။
    စိန်လုံမှ အရှေ့ဘက်သို့လာလျှင် ယောယုံတောင်အထိ တောင်ကြောတစ်ဆက်တည်းဖြစ်၏။ ယောယုံစခန်းပတ်လည်တွင်  ဖလန်တောင်ကြောရှိသည်။ ယောယုံမှကြည့်လျှင် တရုတ်ပြည်ဖက်သို့ လှမ်းမြင်ရသည်။ ယောယုံသည် လွယ်ဂျယ်ကွင်းအား စိုးမိုးထား၏။ စာရေးသူသည် ယောယုံတောင်ကြော ပေါ်မှ လှမ်းမြင်ရသည့် လွယ်ဂျယ်မြင်ကွင်းများအား ငေးကြည့်နေမိသည်။ တောင်အောက်မှ ပင့်တိုက် လာသော လေနုအေးအေးအားခံစားရင်း ဤဒေသတွင် ဖြစ်ပွားခဲ့သော တပ်မတော်သားတို့၏ အတိတ် ရပ်ဝန်း အောင်ပွဲများကို တွေးတောဖြတ်သန်းမိပါသည်။
    ဗကပတို့သည် ယောယုံစခန်းအား တိုက်ခိုက်ထိန်းချုပ်နိုင်လျှင် လွယ်ဂျယ်ကွင်းအား ထိန်းချုပ်၍ အခြေခံစခန်းအဖြစ် တည်ဆောက်နိုင်ပြီဖြစ်သည်။ ထို့ကြောင့် ၁၉၈၅ ခု၊ မတ်လဆန်းတွင် ဗကပ နှင့် ဒေသခံလက်နက်ကိုင်တပ်များ ပူးပေါင်းလိုက်ကြ၏။
    ဗန်းမော်၊ မန်စီ၊ မံဝိန်းကြီး၊ နမ့်ခမ်း ကားလမ်းပေါ်ရှိ ကိုက်ထိပ်အနီးမှ နမ့်ဝမ်ချောင်းအတိုင်း  ဖြတ်သန်းသွားပြီး “ဗကပ” နှင့် ဒေသခံလက်နက်ကိုင်  ပူးတွဲတပ်အင်အားထောင်နှင့်ချီ၍  စုဖွဲ့ကြသည်။ ထိုအချိန်က ယောယုံတောင်ကုန်းပေါ်တွင် နယ်မြေစိုးမိုးရေးနှင့် လုံခြုံရေးအတွက် မြောက်ပိုင်း တိုင်းစစ်ဌာနချုပ်၊ ဝိုင်းမော် အခြေစိုက်တပ်မှ တပ်ခွဲတစ်ခွဲ စခန်းထိုင်သည်။ စစ်ရေးသတင်းများ ကြိုတင် ရ၍ စခန်းအတွင်းရှိ တပ်မတော်သားအားလုံး အသင့်အနေအထားရှိကြသည်။ 
    ပူးပေါင်းအဖွဲ့သည် ၁၉၈၅ မတ်လ ၂၁ ရက်နေ့ညတွင် ယောယုံစခန်းအား ချဉ်းကပ်၍ မတ်လ ၂၂ ရက် အရုဏ်ဦးတွင် တိုက်ပွဲစသည်။ စစ်ကူတပ်များအား တားဆီးရန် စိန်လုံကဘာနှင့် ယောယုံကြားရှိ တောင်ကြောများပေါ်တွင် ပူးပေါင်းလက်နက်ကိုင်အဖွဲ့များ နေရာယူထားကြသည်။
    တိုက်ပွဲကား ပြင်းထန်လွန်းလှသည်။ လက်နက်ကြီးငယ်ပစ်ခတ်သံများ၊ ပေါက်ကွဲသံများ  ဝုန်းဒိုင်းကြဲ ဆူညံနေပေလိမ့်နေသည်။ တပ်မတော်သားများက စခန်းတွင်းမှလည်း စိတ်ဓာတ်တည်ကြည် ခိုင်ခံ့စွာ ပြင်းပြင်းထန်ထန်ခုခံသည်။ တပ်ကြပ်ကြီးတစ်ဦးဦးစီး ကာကင်းစခန်းငယ်မှလည်း မဆုတ်တမ်း ခုခံသည်။ ကြားဖြတ်တိုက်ပွဲများကြောင့် စစ်ကူများလည်း အလွယ်တကူ မရောက်နိုင်ခဲ့။
    ထိုမတ်လ၏ပူပြင်းသော နေအပူရှိန်အောက်တွင် ယမ်းခိုးနံ့၊ သွေးညှီနံ့တို့ လှိုင်နေပေလိမ့်မည်။ ပြင်းထန်သော သွေးညှီနံ့တို့နှင့်အတူ ဒဏ်ရာရသူတို့၏ ‌အော်ဟစ်ညည်းညူသံများ ပေါ်ထွက်နေပေ လိမ့်မည်။ ဒေသခံများလည်း စစ်ဘေးဒဏ်ကြောင့် စိတ်မချမ်းမြေ့ဖွယ်ရာ တုန်လှုပ်နေကြပေလိမ့်မည်။
    အင်အား ၈၀ ခန့်သာရှိသည့် တပ်မတော်စခန်းအား အင်အားထောင်ချီသည့် ဗကပ နှင့် ဒေသခံ လက်နက်ကိုင် ပူးတွဲတပ်ဖွဲ့များသည် သိမ်းပိုက်ရန် ကြိုးစားသော်လည်း နေ့လယ်ခင်းအထိ မအောင် မြင်ခဲ့။
ဦးညွတ်အလေးပြုပါသည်
    ညနေပိုင်းတွင် တပ်မတော်မှ တိုက်လေယာဉ် ၄ စီးဖြင့် လေကြောင်းပစ်ကူပေးသည်။
    ကျည်အား၊ လူအားများဖြင့် အကြိမ်ကြိမ်ကြိုးစား တိုက်ခိုက်ခဲ့သော်လည်း ထင်သလိုဖြစ်မလာခဲ့။ ပူးပေါင်းလက်နက်ကိုင်များ အကျအဆုံးများစွာ ဆုတ်ခွာသွားခဲ့ရသည်။ ဤယောယုံတောင်ကုန်း ကြီးသည် တစ်နေ့လုံး အမြောက်သံ၊ ဗုံးသံ၊ သေနတ်သံများ ဖုံးလွှမ်း ဆူညံပေါက်ကွဲနေခဲ့ပေလိမ့်မည်။ ပြီးနောက် ညအမှောင်ထုအောက်တွင် တိတ်ဆိတ်ငြိမ်သက်သွားပြီး မီးတောက်တို့ဖြင့် ဝါးမြိုခြင်းခံနေ ရသည့်မြင်ကွင်းကို စိတ်ဝယ်တွေးထင် ခံစားမိသည်။    
    ဖြတ်ကျော်ခဲ့သည့် ယောယုံတောင်တန်းကြီးများကား ယနေ့တိုင် ခန့်ထည်စွာဖြင့် မားမား မတ်မတ် ရပ်တည်နေဆဲဖြစ်၏။ ဤတောင်ပေါ်တွင် သူရဲကောင်းစစ်သည်တို့၏ ဝိညာဉ်များ ရှင်သန် နေဆဲဖြစ်ပေလိမ့်မည်။ တရားသောစစ်ကို ဆင်နွှဲခဲ့သူတို့၏ အသွေး၊ အသား၊ အရိုးတို့သည် ယောယုံ တောင်ကြော၌ စည်းရိုးထိုးရင်း နိုင်ငံပိုင်နက်ကို ဆက်လက်ကာကွယ်စောင့်ရှောက်နေဆဲ ဖြစ်ပေလိမ့် မည်။ စာရေးသူသည် မြန်မာနိုင်ငံတော်၏ နယ်နိမိတ်များ အစဉ်တည်တံ့နေစေရေးအတွက် သိက္ခာ ရှိစွာ၊ ရဲဝံ့စွန့်စားစွာ တိုက်ပွဲဝင်ခဲ့ကြသော  တပ်မတော်သား သူရဲကောင်းအပေါင်းအား ဂုဏ်ယူစွာ ဦးညွတ် အလေးပြုရင်း လွယ်ဂျယ်သို့ ခရီးဆက်ခဲ့ပါသည်။
လွယ်ဂျယ်
    ယောယုံမှ လွယ်ဂျယ်သို့ တောင်အဆင်းလမ်းဖြစ်ပြီး ၁၅ မိုင်ခန့် ဝေးပါသည်။ “လွယ်ဂျယ်” သည် စိန်လုံတောင်၊ မော်ဂွန်း၊ ဖန်စပ်၊ မန်ဒိန် နှင့် တိုင်ရာတောင်တန်းကြီးများ၏ အခြေတွင် တည်ရှိသည်။
    လွယ်ဂျယ်ဒေသ၏အလှဆုံးအချိန်မှာ ဆောင်းအကုန် နွေအကူးကာလဖြစ်၏။ စပ်ကူးမတ်ကူး ကာလဖြစ်သည့်အတွက် ဆောင်း၏အငွေ့အသက်များ ကျန်ရှိနေသကဲ့သို့ နွေ၏ရာသီသဘာဝကိုလည်း ခံစားရသည့်ရာသီပင်ဖြစ်သည်။ ထိုရာသီတွင် စိန်လုံတောင်တန်းများနှင့် လွယ်ဂျယ်မြို့အဝင် တောင်စွယ်၊ တောင်တန်းများတလျှောက်တွင် ရောင်စုံချယ်ရီပန်းများက မြိုင်မြိုင်ဆိုင်ဆိုင်လှပစွာ ပွင့်ဖူးကြလေ့ရှိ သည်။
    လွယ်ဂျယ်သည် တရုတ်- မြန်မာ နယ်စပ်ရှိ မြို့လေးတစ်မြို့ဖြစ်သည်။ 
    တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ် လုံးချွန်းကောင်တီနှင့် နယ်နိမိတ်ချင်းထိစပ်လျက်ရှိသည်။ နယ်ခြားမျဉ်း သည် မြို့အလယ်မှ ဖြတ်ပိုင်းထားသဖြင့် မြို့လေးက နှစ်ခြမ်းကွဲနေသည်။ မြန်မာနိုင်ငံဖက်အပိုင်းသည် “လွယ်ဂျယ်” (Lwegel) ဖြစ်ပြီး၊ တရုတ်နိုင်ငံဖက်အပိုင်းကို “လားရင်း” (Laying)ဟုခေါ် ကြသည်။ အခြား နယ်စပ်မျဉ်း သတ်မှတ်ချက်များကဲ့သို့ ချောင်းများ၊ မြစ်များဖြင့် သတ်မှတ်ထားခြင်း မရှိ၊ မြို့နှစ်မြို့ကြားမှ ဖြတ်သန်းသွားသော နှစ်နိုင်ငံနယ်နိမိတ်မျဉ်းမှာ အပင်တန်းများက ခြံစည်းရိုးများ သာဖြစ်သည်။ စာရေးသူတို့ဖက်က ကတ္တရာလမ်းဖြစ်ပြီး တရုတ်ဖက်က ကွန်ကရစ်လမ်းအား အပြိုင် ခင်းထားသည်။ ၁၀ ပေခန့် သာကွာပါသည်။ 
    ထိုလွယ်ဂျယ်ဒေသတွင် မြို့တွင်းပတ်လမ်း ၂ မိုင် ၁ ဖာလုံ ကတ္တရာခင်းခြင်း၊ မြို့ဓမ္မာရုံနှင့် ရုပ်သံလွှင့်စက်ရုံ တည်ဆောက်ပေးခြင်းတို့အား နယ်စပ်ဒေသဖွံ့ဖြိုးရေးရန်ပုံငွေကျပ် ၁၆ ဒသမ ၁၇၅ သန်း ဖြင့် ဆောင်ရွက်ပေးခဲ့ပြီးဖြစ်ပါသည်။
    လွယ်ဂျယ်မြို့တွင် ၂၀၀၂ ခုနှစ်က စတင်ဖွင့်လှစ်ခဲ့သည့် တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေး၏ ဂိတ်လည်းရှိပါသည်။
နယ်ခြားနယ်နိမိတ်ကျောက်တိုင်များ
    လွယ်ဂျယ်မှ မိုင်ဂျာယန် ( Mai Ja Yang) သွားသည့်ကားလမ်းပေါ်တွင် ကောင်းခါးရွာရှိသည်။ ထိုကောင်းခါးရွာမှဖြတ်ပြီး ဂျာလီယန်ရွာအနီး လယ်ကွင်းပြင်၌ နယ်ခြားမှတ်တိုင်အမှတ် (BP- 49) နှင့် လွယ်ဂျယ်ဂိတ် (၁) အနီးတွင် (BP- 50) စိုက်ထူတည်ရှိသည်။ နယ်စပ်ရေးရာဝန်ကြီးဌာန၏ လုပ်ငန်းစဉ် ၁၈ ရပ်တွင် “နယ်ခြားနယ်နိမိတ် ကျောက်တိုင်များ၊ အထိမ်းအမှတ်များကို ထိန်းသိမ်း စောင့်ရှောက်ခြင်း” ဟူသည့်လုပ်ငန်းစဉ်ပါရှိပါသည်။ ထို့ကြောင့် လိုအပ်သောအချိန်များတွင် မြို့နယ်တာဝန်ခံများ၊ ဒေသ အဖွဲ့အစည်းများနှင့်အတူ ထိုနယ်နိမိတ်မှတ်တိုင်များသို့ သွားရောက်စစ်ဆေးရလေ့ရှိပါသည်။
    BP- 50 သို့သွားရောက်တိုင်း “ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်” အထိမ်းအမှတ် အဝင် ဂိတ်ကြီးအနီးမှ ဖြတ်သန်းသွားရသည်။ အမိမြေတွင် ခန့်ညားစွာ တည်ဆောက်ထားသည့် အဝင်ဂိတ် ကြီးအား ဂုဏ်ယူစွာဖြင့် ကြည့်ဖြစ်သည်။ စိတ်အစဉ်၌လည်း တွေးမိသည်။  မိမိမျက်နှာမူရာအရပ် ဂိတ်ကြီး၏အလွန်သည် တစ်ဖက်နိုင်ငံဖြစ်၏။ မိမိခြေချ ရပ်တည်နေသည့်မြေနှင့် အရပ်သည် အမိမြေဖြစ်၏။ ကျေးဇူးကြီးလှသည့် မိမိဇာတိအရပ်ဖြစ်၏။ ဤမြေကို ချစ်သည်၊ မိမိနိုင်ငံ၏ ရေမြေ သဘာဝကို  မြတ်နိုးချစ်ခင်သည်။ တန်ဖိုးထားရသည်။ ထို့ကြောင့် နိုင်ငံအနှံ့အေးချမ်းစေလိုသည်။ ကဏ္ဍပေါင်းစုံ ဖွံ့ဖြိုးတိုးတက်စေလိုပါသည်။ တစ်ဖက်နိုင်ငံသို့ တစ်ခါတစ်ရံရောက်ဖြစ်ရာ အခြေခံ အဆောက်အဦများ၊ လမ်းကွန်ယက်များ အလွန်ကောင်းမွန်နေပြီဖြစ်၏။ မိမိမြေတွင်မူ ကန့်သတ်ချက်၊ ပိတ်ပင်တားဆီးမှု၊ ဖိအားပေးမှုနှင့် အခက်အခဲပေါင်းစုံတို့ကြောင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက်  လိုအပ် ချက်များ ရှိနေဆဲပင်။
    နိုင်ငံတော်နှင့် နယ်စပ်ဒေသတိုင်းရင်းသားလူမျိုးများ၏ လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် နယ်စပ်ပတ်လမ်း (Border Roads) ကွန်ယက်များကို ယခု လက်ရှိ ဆောင်ရွက်နေသည်ထက် ပိုမို ဆောင်ရွက်ရပေဦးမည်ဟုလည်း တွေးမိပါသည်။ သူ့မြေမှာ “ဖြူ ပြာ ပွင့်ရင်ဖြင့်” ကိုယ့်မြေမှာလည်း “နီ ဝါ နဲ့တင့်ရမယ်ပေါ့” ။        
ဒေါ့ဖုန်းယန်
    ၂၀၁၀ ခုနှစ်၊ စက်တင်ဘာတွင် ဒေါ့ဖုန်းယန် (Dawth pone van) သို့ သွားရောက်တာဝန် ထမ်းဆောင်ရန် အခွင့်ကြုံသည်။
    လွယ်ဂျယ်မှ ဒေါ့ဖုန်းယန်သို့ မိုးမောက်လမ်းခွဲမှ တစ်ဆင့်သွားရသည်။
    ဒေါ့ဖုန်းယန်တွင် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ မြို့နယ်ခွဲနှင့် ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၏ အမျိုးသမီး အိမ်တွင်းမှု သက်မွေးပညာ သင်တန်း ကျောင်း ဖွင့်လှစ်ထားပါသည်။
    ဒေါ့ဖုန်းယန်ကား မြစ်ကြီးနား- ဗန်းမော် ကားလမ်းမကြီးပေါ်တွင် တည်ရှိသည်။ ဗန်းမော်နှင့် ဒေါ့ဖုန်းယန်သည် မိုင် ၄၀ ကွာဝေးပါသည်။ ထိုအချိန်က ဗန်းမော်- မြစ်ကြီးနား လမ်းမကြီးသည် တောက်လျှောက်ကတ္တရာလမ်းမဖြစ်သေး၊ အချို့နေရာများတွင် ကျောက်ခင်းလမ်း၊ ပြောင်းဖူးစေ့ လမ်းပေါ် ဖြတ်သန်းသွားရသည်။
    လမ်းခရီးတွင် ဝဝမ်၊ ဂျခန်းဒပ်၊ ဂွယ်ဂတောင် ကချင်ရွာလေးများ တည်ရှိသည်။ ဂွယ်ဂတောင် အနီးမှ နမ့်တဘက်ချောင်းက ပတ်ခွေစီးနေသည်။ တာဆိုင်းရွာကိုဖြတ်ပြီး “မြို့သစ်” ကို ရောက်သည်။ မြို့သစ်သည် ဗန်းမော်မြို့သမိုင်းနှင့် ဆက်စပ်နေသောမြို့ဖြစ်သည်။ ၎င်းမြို့အနီးတွင် တာပိန်မြစ်က လှပအေးချမ်းစွာ ဖြတ်သန်းစီးဆင်းနေလေသည်။
    “မြို့သစ်”မှ ဆက်ထွက်လျှင် ကုန်းလော၊ နမ့်တိန်၊ တောပေ၊ တာလီ၊ နမ့်လန်း၊ ပန်ဆပ်ကွင်း၊ အူတန်ယန် စသည့်ရွာလေးများကိုဖြတ်ပြီးနောက် “ဒေါ့ဖုန်းယန်” ကိုရောက်သည်။ ဒေါ့ဖုန်းယန်သို့ ရောက်ခါနီးတွင် ရင်ကွဲတောင်ကို ဖြတ်ရသည်။ ရင်ကွဲတောင်ဆိုသည့်အတိုင်း တောင်အလယ်မှ ကားလမ်းက ဖြတ်သန်းသွားခြင်းဖြစ်သည်။ ထိုရင်ကွဲတောင်ပေါ်မှကြည့်လျှင် ဒေါ့ဖုန်းယန်မြို့အလှကို အံဘနန်း လှမ်းမြင်ရပါသည်။ စိမ်းညို့အုံ့မှိုင်းနေသော တောင်တန်းကြီးများနှင့် သစ်တောဝါးတောကြီး များကို နောက်ခံထား၍ စိမ်းလန်းနေသည့်စိုက်ခင်းများ၊ ‌ရွှေဝါရောင်စပါးခင်းများ၊ တသွင်သွင်စီးဆင်း နေသည့်ချောင်းများ၊ နေရောင်အောက်တွင် ရွှေရောင်တောက်နေသည့် အောင်မင်္ဂလာမြို့ဦးစေတီ ဘုရားကျောင်းကန်များနှင့်အတူ ဒေါ့ဖုန်းယန်မြို့လေး လှပလွန်းပေစွ။ ကျွမ်းကျင်သော ပန်းချီဆရာ၏ လက်ရာပမာ လှလှပပ သဟဇာတဖြစ်နေကြသည်။
    ကချင်ဘာသာစကားဖြင့် “ဒေါ့ဖုန်းယန်” ၏မြန်မာအဓိပ္ပာယ်မှာ “အုပ်စုကွင်း” ဖြစ်သည်။ ဒေါ့ဖုန်းယန်ဒေသသည် ရင်ကွဲတောင်၊ ခါးလားတောင်၊ ဂရမ်ကွမ်တောင်၊ ဟုန်းကိုင်တောင်၊ လွဲဆည် တောင်၊ ဂျာထူတောင်ကြော စသည့်တောင်ညိုညိုများ ဝိုင်းပတ်၍ တည်ရှိနေသည်။ မြို့ဝန်းကျင်မှ ဒေါ့ဖုန်းယန်ချောင်းနှင့် တာလေချောင်းတို့က အေးချမ်းကြည်လင်စွာ ကွေ့ဝိုက်စီးဆင်းနေသည်။ ရာသီဥတုကလည်း စိမ့်စိမ့်လေး အေးမြနေလေသည်။ ရွှေရောင်စပါးခင်းများရင့်မှည့်ချိန်တွင် မြင်ရ သည့်မြင်ကွင်းသည် ဒေါ့ဖုန်းယန်၏ အလှဆုံးအချိန်ပင်ဖြစ်မည်ဟု ဆိုရပေမည်။
ကဏ္ဍစုံဖွံ့ဖြိုးရေး
    နယ်စပ်ရေးရာဝန်ကြီးဌာနသည် ထိုမြို့လေးနှင့် ပတ်ဝန်းကျင်ကျေးရွာများတွင် နယ်စပ်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများ အများအပြား ဆောင်ရွက်ပေးခဲ့ပါသည်။
    လမ်းတံတားကဏ္ဍတွင် နောင်ချို- တိန်ငိတ် ကျေးရွာချင်းဆက်သွယ်ရန် ကြိုးတံတား ၁၁၅ ပေ၊ ခေါင်နန်ခတံတား ၈၀ ပေ၊ နားလုံ- လိုင်ဇာလမ်း ကျောက်ခင်းလမ်း ၅ မိုင် ဖောက်လုပ်ခြင်း၊ သိန်လုံ- တာဆန်းမြေသားလမ်း ၃ မိုင် ၅ ဖာလုံတို့အား ဖောက်လုပ်တည်ဆောက်ပေးခဲ့ပါသည်။
    ကျန်းမာရေးကဏ္ဍအတွက် တိုက်နယ်ဆေးရုံ၊ ဆရာဝန်နေအိမ် နှင့် ဝန်ထမ်းအိမ်ရာများအပြင် နွယ်လန်း၊ နမ့်ဆိုင်၊ အောက်တာ၊ သိန်လုံ၊ လွယ်မောက်ယန်၊ နားလုံ စသည့်ကျေးရွာများတွင်  ကျေးလက် ဆေးပေးခန်းများအား ဆောင်ရွက်ပေးနိုင်ခဲ့သည်။ သိန်းငိုက်အမက်၊ ခေါက်ဆင့်၊ နောင်ဆန့်၊ အောက်တာဆိုင်၊ မံသဲ၊ ပန်းကောင်း၊ သိန်းဘုရား၊ မိုင်းမု၊ သိန်းဆင့်၊ နားလုံ၊ လွယ်မောက်၊ သိန်လုံ စသည့် ကျေးရွာများအတွက် အခြေခံပညာမူလတန်းကျောင်းဆောင်များ၊ ဝန်ထမ်းအိမ်ရာများ၊ ဒေါ့ဖုန်းယန် နှင့် မခွယ်ကျေးရွာတို့တွင်လည်း အလယ်တန်းကျောင်းဆောင်များအား ပညာရေးကဏ္ဍအတွက် တည်ဆောက်ပေးခဲ့ပါသည်။
    စိုက်ပျိုးရေးကဏ္ဍ အနေဖြင့် မိုးလဲချောင်းဒေသ လယ်ဧက ၁၀၀ ဖော်ထုတ်ခြင်း၊ သိန်လုံ၊ လိုင်ဇာ ကျေးရွာများတွင် စိုက်ပျိုးရေးစခန်းတည်ဆောက်ပေးခြင်းနှင့် မဒီးယန်ဒေသတွင် ဥယျာဉ်ခြံ ဧက ၃၀၀ ဖော်ထုတ်ခြင်းတို့ဖြစ်သည်။ သာသနာရေးကဏ္ဍတွင် ဒေါ့ဖုန်းယန်မြို့ဦး ဘုန်းတော်ကြီး ကျောင်းနှင့် ဒေါ့ဖုန်းယန်ဘုန်းတော်ကြီးသင်စာသင်ကျောင်းတို့ကို တည်ဆောက်လှူဒါန်းခဲ့ပါသည်။ 
    ဆက်သွယ်ရေး ကောင်းမွန်စေရေးနှင့် ဒေသခံများ အသိအမြင် ပွင့်လင်းစေရေးအတွက်လည်း ဒေါ့ဖုန်းယန်စာကြည့်တိုက်၊ ဝန်ထမ်းအိမ်ရာနှင့် ကြေးနန်းရုံးတို့အား တည်ဆောက်ပေးနိုင်ခဲ့သည်။ 
    ဒေါ့ဖုန်းယန်ဒေသအတွင်း  ကဏ္ဍအသီးသီး ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ၁၉၉၀- ၁၉၉၁ ခုနှစ် မှ ၂၀၂၂- ၂၀၂၃ ခုနှစ်ဘဏ္ဍာရေးနှစ်အထိ နိုင်ငံတော်မှ နယ်စပ်ဒေသဖွံ့ဖြိုးရေးရန်ပုံငွေကျပ် ၉၇ ဒသမ ၉၁၈ သန်း သုံးစွဲ အကောင်အထည်ဖော်ပေးခဲ့ခြင်း ဖြစ်ပါသည်။
ဖွံ့ဖြိုးတိုးတက်သောနိုင်ငံ ဖြစ်စေရန်
    ဤဒေသများသည်ကား ဖွံ့ဖြိုးတိုးတက်မှုကို ငံ့လင့်နေသော တိုင်းရင်းသားတို့ နယ်မြေများပင် ဖြစ်၏။ ထိုဒေသများတွင် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ခြင်းကြောင့် ကောင်းမွန်တိုးတက် သောရလဒ်များကိုမြင်ရ၏။ ကြီးကြယ်ခမ်းနားခြင်းမရှိသည့်တိုင် ဒေသများအတွက်မူ အတိုင်းအဆ မရှိသော အကျိုးကျေးဇူးကို ရရှိခဲ့လေပြီ။ 
    တိုင်းပြည်တစ်ပြည် တည်တံ့ခိုင်မြဲ၊ တိုးတက်ဖွံ့ဖြိုးဖို့ ကြိုးစားကြရာတွင် ငါမှ၊ ငါ့လူမျိုးမှ၊   ငါ့ဒေသမှ၊ ငါ့အဖွဲ့အစည်းမှဆိုသည့် တူရာတစ်မျိုးတည်းဖြင့် မစွမ်းဆောင်နိုင်ပါ။ မတူညီသော အင်အားစု၊ အတွေးအခေါ်၊ အယူအဆတီထွင်ကြံဆမှု၊ ကြိုးပမ်းဆောင်ရွက်မှုတို့ဖြင့် ပေါင်းစပ်အား ထုတ်ကြရပေမည်။
    နိုင်ငံတော်သည် နိုင်ငံသားတို့အတွက် လမ်းများစွာကို ဖောက်ပေးခဲ့သည်။ တံတားများစွာတို့  ရှိကောင်းရှိကြပေလိမ့်မည်။
    အသင့်ခင်းပေးထားသော လမ်းကိုလျှောက်၊ အသင့်ထိုးပေးထားသော တံတားများကို ဖြတ်ကျော် လျက် တည်ငြိမ်အေးချမ်းသောနိုင်ငံ၊ ပို၍ဖွံ့ဖြိုးတိုးတက်သောနိုင်ငံအဖြစ် ရောက်အောင် ဆက်လက် တည်ဆောက်ကြဖို့ လိုအပ်ပါသည်။ ညီညာစွာလျှောက်လှမ်းကြဖို့ လိုပါသည်။
မံဝိန်းကြီးသို့
    ဤသို့ ‌ဒေါ့ဖုန်းယန်တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတာဝန်များ ထမ်းဆောင်နေဆဲအချိန်-
    ၂၀၀၉ ခုနှစ်၊ ဆောင်းနှောင်းကာလတွင် “မံဝိန်းကြီး” သို့ တာဝန်ဖြင့်ခရီးသွားရောက်ရန် ကြုံခဲ့ ပြန်သည်။
        ဝ ထ က လ သ
        (နတလ)
 

Post Paragraph