အောင်ပန်း အောက်တိုဘာ ၂၈
အောင်ပန်းမြို့ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ စက်မှုလက်မှု ပညာသင်တန်း ကျောင်း၌ အောက်တိုဘာလ ၂၇ ရက်က စက်မှုလက်မှုပညာသင်တန်းနှင့်ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာ သင်တန်းအမှတ်စဉ်(၆)သင်တန်းဖွင့်ပွဲကျင်းပသည် ။
ဦးစွာရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်း က အမှာစကားပြောကြားပြီး သင်တန်းအတွက် ထောက်ပံ့ငွေများပေးအပ်၍ သင်တန်းသား၊ သင်တန်းသူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်သည်။
အဆိုပါသင်တန်းကျောင်း၌ စက်မှုလက်မှုအခြေခံသင်တန်းတွင် လျှပ်စစ်သင်တန်း၊ ဂဟေသင်တန်း၊ မော်တော်ယာဉ်စက်ပြင်သင်တန်းနှင့် လက်ကိုင်ဖုန်းပြင်သင်တန်းတို့ကို သင်တန်းသား ၃၀ ဦးဖြင့် လည်းကောင်း၊ ဟိုတယ်ဝန်ဆောင်မှုသင်တန်းတွင် အစားအစာနှင့်အဖျော်ယမကာ သင်တန်းနှင့် အိပ်ခန်းဆောင်ထိန်းသိမ်းရေး သင်တန်းတို့ကိုသင်တန်းသူ ၂၀ ဦးတို့ဖြင့် သင်တန်း ကာလ ၂၂ ပတ်ကြာ ဖွင့်လှစ်သင်ကြားပေးသွားမည် ဖြစ်ကြောင်း သိရသည်။