စက်မှုလက်မှုပညာ သင်တန်းဆင်း ပွဲကျင်းပ

    နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ် များ စက်မှုလက်မှုပညာသင်တန်းကျောင်း၊ ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့၌ မော်တော်ယာဉ်စက်ပြင် သင်တန်းအမှတ်စဉ်(၅)၊ ဆောက်လုပ်ရေးသင်တန်းနှင့်လက်ကိုင်ဖုန်း သင်တန်းအမှတ်စဉ်(၇)၊ ရေခဲသေတ္တာ၊ အဲယားကွန်း၊ လျှပ်စစ်ဂဟေသင်တန်း အမှတ်စဉ်(၈) စက်မှုလက်မှုသင်တန်းဆင်းပွဲကို ယနေ့၊ နံနက် ၉ နာရီက အဆိုပါ စက်မှုသင်တန်းကျောင်း ခန်းမတွင်ကျင်းပသည်။
    သင်တန်းဆင်းပွဲတွင် ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးစိန်မြင့် က ရခိုင်ပြည်နယ်ဒေသအတွင်း တိုင်းရင်းသားလူငယ်များ အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိစေရန်နှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ စက်မှုလက်မှုအတတ်ပညာတွေကို နိုင်ငံတော်အစိုးရမှ (အခမဲ့) သင်ကြားပေးရခြင်းဖြစ်ပါကြောင်း၊ သင်တန်းသားလူငယ်များအနေဖြင့် ကျွမ်းကျင်တတ်မြောက် သည့် ဘာသာရပ်များကို မိမိတို့၏ လူမှုစီးပွားဘဝများ ဖွံဖြိုးတိုးတက်ရေးအတွက် ဆက်လက်လုပ်ကိုင်ကြစေ လိုကြောင်း မှာကြားခဲ့သည်။
    ဆက်လက်၍ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ ရခိုင်ပြည်နယ်ရုံးမှ ပြည်နယ်ဦးစီးမှူး ဦးမောင်စိုးက တိုင်းရင်းသားလူငယ်များ လူမှုစီးပွား ဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် သင်တန်းများ ဖွင့်လှစ်သင်ကြားပေးနေမှု အခြေအနေများကို ရှင်းလင်းပြောကြားသည်။
        ထိုနောက် မော်တော်ယာဉ်စက်ပြင်သင်တန်း၊ ဆောက်လုပ်ရေးသင်တန်း၊ လက်ကိုင်ဖုန်းပြင် သင်တန်း၊ အဲယားကွန်း၊ ရေခဲသေတ္တာနှင့်လျှပ်စစ် ဂဟေသင်တန်းများတွင် ထူးချွန်ဆုရရှိခဲ့သော သင်တန်းသားများအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်တိုင်းရင်းသားလူမျိုးများဖွံဖြိုးတိုးတက် ရေးဦးစီးဌာနမှ ညွှန်းကြားရေးမှူး ဦးမောင်မောင်နိုင်နှင့်ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ ရခိုင်ပြည်နယ် ဦးစီးမှူး ဦးမောင်စိုးတို့က ဂုဏ်ပြုဆုလက်မှတ်များအား ချီးမြှင့်ပေးကြပြီး၊ ပုဏ္ဏားကျွန်းမြို့ စက်မှုလက်မှု သင်တန်းကျောင်းအုပ်ကြီး ဦးကျော်ဇောနှင့် တာဝန်ရှိသူတို့က သင်တန်းဆင်း အောင်လက်မှတ် များအား ချီးမြှင့်ပေးအပ်ခဲ့ကြသည်။ ယင်းနောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌနှင့်အဖွဲ့သည် သင်တန်းသားများ၏ စက်မှုလက်မှုပညာရပ်တို့အား လေ့ကျင့်သင်ကြားပေးနေမှုတို့ကို ကြည့်ရှုအားပေးခဲ့ကြပြီး၊ ခရိုင်စီမံအုပ်ချုပ် ရေးအဖွဲ့ ဥက္ကဌ ဦးစိန်မြင့်က လိုအပ်သည်များကို ဖြည့်စွက်ကူညီဆောင်ရွက် ပေးခဲ့ကြောင်းသိရသည်။
    အဆိုပါသင်တန်းဆင်းပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးဇော်သိန်းနှင့်အဖွဲ့ဝင်များ၊ ဌာန ဆိုင်ရာဝန်ထမ်းများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့်ရပ်မိရပ်ဖများ တက်ရောက်အား ပေးကြပြီး၊ စစ်တွေခရိုင်၊ မောင်တောခရိုင်၊ မြောက်ဦးခရိုင်တို့က သင်တန်းသားလူငယ် ၄၅ ဦးတက်ရောက် ကာ သင်တန်းကာလမှာ ရက်သတ္တပတ် ၂၂ ပတ် ကြာမြင့်ခဲ့ကြောင်းသိရသည်။