နေပြည်တော်၊ မတ်လ ၇
နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ဂျပန် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) တို့ ပူးပေါင်း၍ ရှမ်းပြည်နယ် (မြောက်ပိုင်း) အတွင်း ဆောင်ရွက်လျက်ရှိသည့် ရှမ်းပြည်နယ် မြောက်ပိုင်း ဘိန်းစိုက်ပျိုးမှု အစားထိုးဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းဆိုင်ရာ လုပ်ငန်း ဆောင်ရွက်မှု အခြေအနေနှင့် ရှေ့လုပ်ငန်းစဉ် အခြေအနေ ဆိုင်ရာလုပ်ငန်း ညှိနှိုင်းအစည်းအဝေးအား ယနေ့နံနက် (၀၈:၁၅) နာရီ အချိန်တွင် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အစည်းအဝေးတွင် JICA မှ ရှမ်းပြည်နယ် (မြောက်ပိုင်း) ၌ ဆောင်ရွက်လျက်ရှိသည့် အစားထိုးဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ သင်တန်းဆောင်ရွက်နေမှုအခြေအနေ နှင့် အနာဂတ် အလားအလာများကိုလည်းကောင်း၊ ပေါင်းစည်းကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ပုံစံ၊ လစဉ်အစီရင်ခံစာ၊ နောက်တစ်ကြိမ်ဆောင်ရွက်မည့် စီမံကိန်း ပူးတွဲညှိနှိုင်းရေး ကော်မတီ ကျင်းပပြုလုပ်မည့် အစီအမံ၊ စီမံကိန်းပြီးဆုံးချိန်၌ အကဲဖြတ်သုံးသပ်အဖွဲ့ လာရောက် ဆောင်ရွက်မည့်ကိစ္စ၊ ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်ဆိုင်ရာ များတို့နှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။