ခေတ်မီမော်တာအထည်ချုပ်စက်သင်တန်းအမှတ်စဉ် (၁၃) သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

ရန်ကုန် ၂၀၁၆ ခုနှစ်၊ ဇူလိုင်လ ၁၁ ရက်
     နယ်စပ်ရေးရာဝန်ကြီးဌာနသည် နယ်စပ်ဒေသကျေးလက် မြို့ပြနေ ပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ပြည်သူ့ အတွက် ပထမရက်(၁ဝဝ) စီမံကိန်းကို လုပ်ငန်းစဉ်(၉)ရပ် ချမှတ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ နဝမမြောက် လုပ်ငန်းစဉ် ဖြစ်သည့် အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်း များတွင် အခြေခံနှင့်အဆင့်မြင့် စက်ချုပ် သင်တန်းများ တက်ရောက်ပြီး တိုင်းရင်းသူလေးများအား ရန်ကုန်တိုင်း ဒေသကြီး၊ မြောက်ဒဂုံမြို့နယ်၊ အမှတ်(၅၁) ရပ်ကွက်၊ မြဝတီ မင်းကြီးလမ်းရှိ ဗဟိုလေ့ကျင့်ရေးကျောင်း၌ ခေတ်မီမော်တာ အထည် ချုပ်စက်သင်တန်းများ ဖွင့်လှစ် သင်ကြားပေးလျက်ရှိသည်။
 နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်သူ့အတွက် ပထမရက်(၁ဝဝ) စီမံကိန်းကာလတွင် ပထမအကြိမ်ဖြစ်သည့် ​ ခေတ်မီမော်တာအထည်ချုပ်စက် သင်တန်းအမှတ်စဉ်(၁၂)ကို ဖွင့်လှစ်ပေးခဲ့ပြီး သင်တန်းသူ(၉၉)ဦးအား အလုပ်သမားအသိမှတ်ပြု ခန့်အပ်လွှာရရှိရေး၊ ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ အထည်ချုပ်စက်ရုံများတွင် အလုပ်ဝင်ရောက် လုပ်ကိုင်နိုင်ရေးတို့ကို အလုပ်သမား ညွှန်ကြားရေးဦးစီးဌာန၊ မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းရှင်များအသင်းတို့နှင့် ချိတ်ဆက်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး သင်တန်းဆင်း တိုင်းရင်းသူ(၉၉)ဦးသည် အထည်ချုပ်စက်ရုံများတွင် ဝင်ရောက်လုပ်ကိုင်လျက်ရှိကြောင်းနှင့် ပထမရက် (၁ဝဝ) စီမံကိန်းကာလအတွင်း ခေတ်မီမော်တာအထည်ချုပ်စက် သင်တန်းအမှတ်စဉ် (၁၃)ကို ယနေ့ နံနက် (ဝ၉:ဝဝ)နာရီအချိန် ဗဟိုလေ့ကျင့်ရေးကျောင်း သင်တန်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ နယ်စပ်ရေးရာ ဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင် ကိုယ်စား ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဦး တက်ရောက် အဖွင့်အမှာ စကား ပြောကြားခဲ့သည်။ အဆိုပါ သင်တန်းသို့ နယ်စပ်ဒေသအသီးသီးမှ တိုင်းရင်းသူ(၁ဝ၃)ဦး တက်ရောက်လျက်ရှိကြောင်းနှင့် သင်တန်း ကာလမှာ ရက်သတ္တ (၃)ပါတ် ဖြစ်ပါသည်။

Post Paragraph