ဟားခါး၊ အောက်တိုဘာ ၅
ချင်းပြည်နယ်နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှုအကောင်အထည်ဖော်ရေး ချင်းပြည်နယ်ဒေသဆိုင်ရာလုပ်ငန်းကော်မတီများ၏ ၂၀၂၅−၂၀၂၆ ဘဏ္ဍာရေးနှစ် လျာထားလုပ်ငန်းများ ပြုစုတင်ပြနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို အောက်တိုဘာလ ၄ ရက်နေ့ မွန်းလွှဲ ၂ နာရီက ဟားခါး မြို့၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ချင်းပြည်နယ် ဝန်ကြီးချုပ် ကိုယ်စား၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးသိန်းထွန်းအောင်၊ ပြည်နယ် ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် ပြည်နယ်အဆင့် ဌာန ဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ ချင်းပြည်နယ်ဝန်ကြီးချုပ်ကိုယ်စား လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သိန်းထွန်းအောင်က ၂၀၂၅−၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း ချင်းပြည်နယ်မှာ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ အကောင်အထည် ဖော်ဆောင်ရွက်နိုင်ရေး ပေါင်းစပ်ညှိနှိုင်း နိုင်ရေးအတွက် အစည်းအဝေးပြုလုပ်ရခြင်းဖြစ်ကြောင်း၊ နယ်စပ်ဒေသဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းသည် တိုင်းရင်းသားလူမှုဘဝ အခြေခံလိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရန် အတွက် စီမံဆောင်ရွက်ခြင်းဖြစ် ကြောင်း၊ ထိုသို့ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး အတွက်လည်း ကော်မတီအဆင့်ဆင့် ဖွဲ့စည်းထားပြီးဖြစ်သကဲ့သို့ လုပ်ငန်းတာဝန်များလည်း သတ်မှတ်ထားပြီးဖြစ်ပါကြောင်း၊ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းသည် နယ်မြေလုံခြုံရေးနှင့်တရားဥပဒေ စိုးမိုးရေး ကောင်းမွန်မှုများအပေါ်မှာ မူတည်နေသည်ကို အားလုံး အသိဖြစ်ပါကြောင်း၊ သို့ဖြစ်၍ အစည်းအဝေးတက်ရောက် လာကြသူများအနေဖြင့် နယ်စပ်ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ပွင့်ပွင့်လင်းလင်း ဆွေးနွေးတင်ပြကြစေလိုကြောင်း အမှာစကားပြောကြားသည်။
ထို့နောက် ချင်းပြည်နယ်နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး လုပ်ငန်းဆပ်ကော်မတီ ဥက္ကဋ္ဌများဖြစ်ကြသည့် သယံဇာတရေးရာဝန်ကြီး ဦးကျော်ငြိမ်း၊ လူမှုရေးရာဝန်ကြီး ဦးဝင်းဇော်ဦး၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိန်ထွန်းလှနှင့် ပြည်နယ်ဥပဒေချုပ် ဦးဆွန်းဒုတ်ကျင်တို့က လုပ်ငန်းဆပ်ကော်မတီအလိုက် ဆောင်ရွက်ထားရှိမှုနှင့် ၂၀၂၅−၂၀၂၆ ဘဏ္ဍာရေးနှစ် အတွင်း ဆောင်ရွက်ရန် လျာထားနိုင်ရေးလုပ်ငန်းများကို ဆွေးနွေး တင်ပြကြသည်။
ဆက်လက်၍ လမ်းတံတားနှင့်အဆောက်အဦဖွံ့ဖြိုးရေးလုပ်ငန်းဆပ်ကော်မတီ၊ ပညာရေး၊ ကျန်းမာရေးနှင့်လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေးလုပ်ငန်းဆပ်ကော်မတီ၊ ပို့ဆောင်ရေး၊ ဆက်သွယ်ရေး နှင့်ခရီးသွားလုပ်ငန်းဖွံ့ဖြိုးရေးလုပ်ငန်းဆပ်ကော်မတီ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် သယံဇာတလုပ်ငန်း ဆပ်ကော်မတီ၊ သာသနာရေးနှင့်ယဉ်ကျေးမှုလုပ်ငန်းဆပ်ကော်မတီ၊ ကျေးလက်ဒေသဖွံ့ဖြိုးရေး၊ လူမှုဝန်ထမ်းနှင့် အသက်မွေးဝမ်းကျောင်းပညာလုပ်ငန်းဆပ်ကော်မတီနှင့် စွမ်းအင်နှင့် လျှပ်စစ် ဓာတ်အားလုပ်ငန်းဆပ်ကော်မတီတို့မှ အတွင်းရေးမှူးများဖြစ်ကြသည့် ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများက မိမိတို့ကဏ္ဍအလိုက် ဆောင်ရွက်ထားရှိမှုနှင့် ၂၀၂၅−၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်ရန် လျာထားနိုင်ရေးလုပ်ငန်းများကို Power Point ဖြင့် ရှင်းလင်းတင်ပြကြသည်။
ဆပ်ကော်မတီအတွင်းရေးမှူးများ၏ တင်ပြချက်များအပေါ် လုပ်ငန်းဆပ်ကော်မတီဥက္ကဋ္ဌ သယံဇာတရေးရာဝန်ကြီး ဦးကျော်ငြိမ်းက အကြံပြုဖြည့်စွက်ဆွေးနွေးပြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး သိန်းထွန်းအောင်က ပေါင်းစပ်ညှိနှိုင်းပေးကာ နိဂုံးချုပ်အမှာစကား ပြောကြား ခဲ့ကြောင်း သိရသည်။
© Copyright Ministry of Border Affairs 2019, All rights reserved.