မောက်မယ်မြို့နယ်၊ မတ်လ ၁၉ ရက်
ရှမ်းပြည်နယ်တောင်ပိုင်း၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၊ ကဒူးကြီးကျေးရွာအုပ်စု အတွင်းရှိ မောက်မယ်-နမ့်လွတ်-ကဒူးလေး-နားဟီး ၃၄/၀မိုင် ကျောက်လမ်းပေါ်တွင် ဆောင်ရွက် လျက်ရှိသည့် သံကူကွန်ကရစ်တံတား ၃၀ပေ ၁စင်းနှင့် ၂၀ပေ ၁စင်း၊ နားဟီး-ကျူတဝီး- ဒေါတခေါကျေးရွာသွား မြေသားလမ်း ၉/၀မိုင် လမ်းပေါ်တွင် သံကူကွန်ကရစ်တံတား ၁၅ပေ ၁စင်း တည်ဆောက်ခြင်းလုပ်ငန်းများကို နယ်စပ်ရေးရာဝန်ကြီးဌာန၏ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် ပထမ ခြောက်လ နယ်စပ်ဒေသဖွံ့ဖြိုးရေးရန်ပုံငွေကျပ် ၁၄၈ ဒသမ ၇၆၂ သန်းဖြင့် အကောင်အထည်ဖေါ် ဆောင်ရွက်ခဲ့ရာ မတ် ၁၇ ရက်တွင် လုပ်ငန်းများရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးခဲ့ကြောင်းသိရသည်။
မောက်မယ်မြို့နယ်သည် တောင်တန်းကြီးများ၊ ချိုင့်ဝှမ်းငယ်များပေါများရာ ဒေသဖြစ်ခြင်းကြောင့် ကျေးလက်တောရွာများသို့ သွားလာရာတွင် အလွန်ခက်ခဲလျက်ရှိရာ အဆိုပါ ကွန်ကရစ်တံတားများ ဆောင်ရွက်ပြီးစီးပြီဖြစ်သဖြင့် မြို့နယ်နှင့် အလှမ်းဝေးသော ကဒူးကြီးကျေးရွာ အုပ်စုအတွင်းရှိ ကျေးရွာ ၂၃ ရွာမှ ဒေသခံပြည်သူ ၄၄၁၉ ဦးတို့အတွက် အဆင်ပြေချောမွေ့စွာ သွားလာနိုင်လာသည့်အပြင် ဒေသတွင်း ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးကဏ္ဍများ ပိုမိုတိုးတက်လာမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။