မြိတ် မတ် ၂၇
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန(မြိတ်မြို့) အမျိုးသမီးအိမ် တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းတွင် အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်း အမှတ်စဉ်(၁၁) သင်တန်းဆင်းပွဲကို ယမန်နေ့ နံနက်ပိုင်းက တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့၊ ကန်ဖျားရပ်ကွက်၊ သာသနာ့ရိပ်သာအနီးရှိ အဆိုပါ သင်တန်းကျောင်းခန်းမ၌ ကျင်းပသည်။
ဦးစွာ မြိတ်ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးမျိုးဦးက သင်တန်းဆင်း အမှာစကားပြောကြားပြီး အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း ကျောင်းအုပ် ဒေါ်စုမြတ်အေးက သင်တန်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ မြိတ်ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌက သင်တန်းတွင် ထူးချွန်ဆုရရှိသော မြိတ်မြို့နယ်မှ မသင်းသင်းရွှေစင်အား အပ်ချုပ်စက် ၁ စုံကို ပေးအပ်ချီးမြှင့် သည်။
ထို့နောက် သင်တန်းကျောင်း ကျောင်းအုပ်က သင်တန်းဆင်းအောင်လက်မှတ်များ ပေးအပ် ရာ သင်တန်းသူများကိုယ်စား သင်တန်းသူ ၁ ဦးက လက်ခံယူ၍ သင်တန်းသူများကိုယ်စား သင်တန်းသူ ၁ ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။ ယင်းနောက် မြိတ်ခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက သင်တန်းသူများ ချုပ်လုပ် ထားသည့် ဒီဇိုင်း လက်ရာများ ခင်းကျင်းပြသထားမှုကို လှည့်လည်ကြည့်ရှုခဲ့သည်။
အဆိုပါ သင်တန်းသို့ သင်တန်းသူ ၂၅ ဦး တက်ရောက်အောင်မြင်ခဲ့ပြီး သင်တန်းကို ၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၂၇ မှ ၂၀၂၆ ခုနှစ်၊ မတ် ၂၆ ထိ အခမဲ့သင်ကြားပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။